ရန်ကုန်လေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်။
ရန်ကုန်လေဆိပ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး အနီးရှိ ဂေါက်ကွင်းမှ အမျိုးသမီး တဦးသေဆုံးသွားသည် ဟု သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧပြီလ ၉ ရက်နေ့ (ယနေ့) နံနက် ၇ နာရီအချိန်ခန့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ပြီး ဒုံးကျည်အချို့သည် လေဆိပ်ကို မထိဘဲ ရန်ကုန်မြို့တော် ဂေါက်ကွင်းထဲသို့ ကျရောက်ခဲ့ပြီး ဂေါက်ရိုက်တံသယ်သည့် အမျိုးသမီးတဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။
YCDC Golf club ထဲ ကို ၃ လုံး၊ လေဆိပ်ဝန်ထမ်း အိမ်ယာနားတွင် ၁လုံး ကျရောက် ပေါက်ကွဲပြီး တပ်မတော် ခေါက် ဆွဲစက်ရုံနားတွင်လည်း ၁ လုံးပေါက်ကွဲခဲ့သည်ဟု ဂေါက်ကွင်းလုံခြုံရေးဝန်ထမ်းတစ်ဦး က ပြောသည်။
”ခု မနက် စောစောစီးစီး အန်စာတုံး အဖြူရောင်ကားတစီးနဲ့ လေဆိပ်ကို ၁၀၇ နဲ့ လာပစ်တာ။ ကျော်ပြီး ဂေါက် ကွင်းထဲ ကျတာ” ဟု ဂေါက်ကွင်း လုံခြုံရေး ဝန်ထမ်းတဦး က ပြောသည်။
သေဆုံးသူ အမျိုးသမီးတွင် ကလေး ၂ ဦး ကျန်ရစ်သည်ဟုသိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှော့တိုက်ဒုံး ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို မသိရ သေးသလို မည်သည့်အဖွဲ့အစည်းကမှလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။