တရုတ်နယ်စပ် မဖွင့်သဖြင့် ကြံစိုက်တောင်သူများ အရှုံးပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၉ ရက်။
တရုတ်နယ်စပ် ဂိတ်များ ယခု အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးသည့်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသမှ ကြံစိုက်တောင်သူများ အရှုံးပေါ်နေသည်ဟု ကြံစိုက်သူများက ပြောသည်။
ဒီဇင်ဘာ၊ ဇန္နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလ ငါးလသည် နယ်စပ်တစ်လျှောက်က ကြံစိုက်တောင်သူများက ကြံ များခုတ်ပြီး တရုတ်နိုင်ငံ ဘက်ခြမ်းသို့ တင်ပို့သည့်လများဖြစ်ရာ ယခု ဧပြီလ ဒုတိယအပတ်အထဲထိ နယ်စပ် ဂိတ်များ ပြန်မဖွင့်သေးသည့် အတွက် ကြံများဆုံးရှုံးကုန်ပြီဟု တရုတ်-မြန်မာနယ်စပ်၊ ကချင်ပြည်နယ်၊ လွယ် ဂျယ်မြို့က ကြံစိုက်သူများက ပြောသည်။
လွယ်ဂျယ်မြို့က ကြံစိုက်တောင်သူ တစ်ဦးက “ကိုဗစ်တွေက ပြန်ရှိနေတဲ့အခါကျတော့ ဘာမှလုပ်စားလို့မရ၊ ဟို သွားလို့လည်းမရ ဒီသွားလို့လည်းမရ၊ စိုက်ထားတဲ့ ကြံတွေလည်း ခုတ်လို့မရ။ တင်သွင်းလို့မရဘူးဆိုတော့ အား လုံးက အခက်အခဲတော့ အခုချိန်မှာ အားလုံးလိုလို အိမ်တိုင်းလိုလို လူတိုင်းလိုလို ကြုံနေရတာက အမှန်ဘဲ စား ဝတ်နေရေးတွေ ဘာတွေပေါ့နော်။ ဒီဟာနယ်စပ်တလျောက် ဒီမိုင်ဂျာယန်တလျောက်ပေါ့ ဟိုးဘက် ရှမ်းပြည် နယ်စပ်အထိ ဟိုဟာ မန်ဝင်းဟိုဘက်ထိ တလျောက်က ကျနော်တို့ ဒီကြံကိုဘဲ အဓိကအားကိုးပြီးမှ စိုက်ကြတာ ဟုတ်တယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသို့ ကြံများတင်ပို့ခွင့်မရသည့် အခြေအနေသည် ဒေသခံများအတွက် နှစ်ပေါင်း ၂၀ ခန့်တွင် ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်ဟု ကြံစိုက်တောင်သူများက ပြောသည်။
COVID-19 ရောဂါ ဖြစ်ပွားခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း နယ်စပ်ဂိတ်များ ဖွင့်လိုက်ပိတ်လိုက် အခြေ အနေများ ရှိခဲ့သော်လည်း တရုတ်နိုင်ငံသို့ ကြံတင်ပို့ ရောင်းချနိုင်ရေး နှစ်နိုင်ငံ တာဝန်ရှိသူများက စီစဉ်ပေးခဲ့သည့် အတွက် ယခုကဲ့သို့ ကြပ်တည်းမှုများ၊ ဆုံးရှုံးမှုများ မရှိခဲ့ဟု ပြောသည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဧပြီလအထိ နယ်စပ်ဂိတ်များ ပြန်မဖွင့်သေးသည့်အပြင် ကြံတင်ပို့ နိုင်ရေးလည်း နှစ်နိုင်ငံကြားညှိနှိုင်းမှုများ အဆင်မပြေသေးသည့်အတွက် ကြံစိုက်တောင်သူများ အမြတ်အပြင် အရင်းပါဆုံးရှုံးရတော့မည်ဟု ကြံစိုက်တောင်သူများက ဆိုသည်။
“ပိတ်ကတည်းက ဆိုရင်တော့ ကျနော်တို့ ခါတိုင်းက ကြံက ဒီဇင်ဘာမှာ စခုတ်တာဟုတ်တယ်။ ဒါပေမယ့် ဒီနှစ် တော့ အခုချိန်ထိသူတို့ အစက သူတို့ပြောတာတော့ သူတို့ရဲ့တရုတ်နှစ်သစ်ကူး ပြီးလို့ရှိရင် ခုတ်မယ်လို့ပြောတာ။ အခုက တရုတ်နှစ်သစ်ကူးလည်း ကုန်ပြီးရော။ တစ်နေ့တစ်နေ့ အဲလိုမျိုး အခုချိန်ထိ ဆိုတော့ သုံးလ၊ လေးလ လောက်ရှိလာပြီ ထင်တယ်။ အခုကြံစိုက်ထားတဲ့နေရာမှာ အခုခုတ်လို့မရဘူးဆို ဒါရှင်းရတာနဲ့၊ တကယ်လို့ဒါကို ရှင်းမယ်ဆိုလည်း ပိုက်ဆံပြန်ကုန်မယ်” ဟု ကြံခင်းပိုင်ရှင်တစ်ဦးက ပြောသည်။
ကြံများ အချိန်မှီခုတ်ခွင့်၊ တင်သွင်းခွင့်မရသည့်အတွက် ကြံခင်းများထဲတွင် ကြံများ ခြောက်ကုန်သည့်အပြင် နယ်စပ်တွင် စောင့်နေရသည့် ကားများပေါ်က ကြံများလည်း ပျက်စီးကုန်ပြီဟု အဆိုပါ ကြံစိုက်တောင်သူက ဆက် ပြောသည်။
“မနှစ်တုန်းကကျတော့ ခုတ်လို့ရတယ်။ ဒီနှစ်ကျတော့ ခုတ်လို့မရဘူး။ ဒီနှစ်က တချို့လူက ခုတ်တယ်။ ခုတ်တဲ့ လူလည်း ကားပေါ်တင်ထားတာတောင်မှ ဒီတိုင်းကားထဲမှာ နေထဲမှာ ဒီလိုဘဲရပ်ထားတာ။ တရုတ်ပြည် ဝင်လို့ မရဘူးဆိုတော့ ကားထဲမှာတော့ တင်ထားပြီးသား။ အဲ့ဒါကို မဝင်ခိုင်းတဲ့အခါကျတော့ ဝင်လို့မရဘူး။ ကားတွေ လည်း နေ့တိုင်းတန်းစီနေတာ။ ဝင်လို့ကိုမရဘူးဖြစ်နေတာ။ တချို့က ကားထဲမှာလည်း တင်လို့လည်းမရဘူး။ ဟိုဟာပြီးတော့ ခြံထဲမှာ ဒီတိုင်းလှန်းထားတာ အကုန်လုံးခြောက်ကုန်ပြီ။ အဲလိုမျိုးဖြစ်ကုန်တာဒီနှစ်က။”
တရုတ်-မြန်မာ နယ်စပ်ဒေသ နှစ်နိုင်ငံဘက်ခြမ်းလုံးတွင် ယနေ့အချိန်ထိ COVID-19 ရောဂါကူးစက်မှုများ ရှိနေ သေးသည့်အတွက် နယ်စပ်ဂိတ်များ ပြန်မဖွင့်နိုင်သေးခြင်း ဖြစ်သည်ဟု သိရသည်။ ၂၀၂၂ ခုနှစ် ဇန္နဝါရီလအတွင်း လွယ်ဂျယ်နယ်စပ်ဂိတ်ခနပြန်ဖွင့်ခဲ့ပြီးနောက် ကိုဗစ်ကူးစက်သူများ ထပ်မံရှိလာသည့်အတွက် ဂိတ်အားထပ်ပိတ် လိုက်သည်မှာ ယနေ့အချိန်ထိဖြစ်သည်။
ကြံအပါအဝင် မြန်မာနိုင်ငံဘက်ခြမ်းမှ သွင်းသည့် မည်သည့်ကုန်ပစ္စည်းကိုမှ တရုတ်ဘက်ခြမ်းသို့ တင်ပို့ခွင့်မရ သေး ဟု နယ်စပ်ဒေသက ကုန်သည်များ၊ ရာသီအလိုက် သီးနှံများစိုက်ပျိုးပြီး တရုတ်ဘက်ခြမ်းသို့ တင်ပို့သည့် တောင်သူများက ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်က ကြံစိုက်တောင်သူများအနေဖြင့် ၎င်းတို့၏ပြဿနာများ၊ အခက်အခဲ များနှင့် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းကို တောင်းဆို အကူအညီတောင်းရမည်ကို မသိသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့်လည်း တစ်စုံတစ်ရာ ကြားဝင်ညှိနှိုင်းပေးစေချင်သည်ဟု တောင်သူ အချို့ဆိုသည်။
ကြံစိုက်တောင်သူများအနေဖြင့် ကြံတစ်ဧကစိုက်ပျိုးပါက အရင်းအနှီးအားဖြင့် ကျပ်ငွေ သိန်း ၂၅ ကျော်ကုန်ကျ ရာ ယခုနှစ်အတွင် အကုန်ဆုံးရှုံးရမည့် အနေအထားများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ ကြံသည် နှစ်ရှည် ပင်မဟုတ်သော်လည်း တစ်ကြိမ်စိုက်ပြီး သုံးနှစ်ဆက်တိုက် သုံးကြိမ်ခုတ်ရသည်ဟု ကြံစိုက်တောင်သူများက ပြောသည်။