ဆန္ဒပြ၍ ဖမ်းထားသူ ၃ ဦးအား ပုသိမ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ်စီချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်။
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အတွင်းက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးအား စစ် ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင် ၂ နှစ်စီချမှတ်လိုက်သည်ဟု သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းက စစ်တပ်ကိုဆန့်ကျင်သူ ၃ ဦးအား ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ခရိုင်ဥပဒေရုံး ဝန်ထမ်း တစ်ဦးက “သုံးယောက်စလုံးကို ပုဒ်မ ၅၀၅-က နဲ့ နှစ်နှစ်စီချလိုက်တာပါ။ ချုပ်ရက် လျော့ပေါ့ ခံစားခွင့်ရပါတယ်” ဟု အတည်ပြုပြောသည်။
ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ် တိုက်နယ်တွင် နေထိုင်ကြသည့် ကိုဇော်ကြီး၊ ကိုစိုးခန့်ဦး နှင့် ဒါးကတိုက်နယ် တွင် နေထိုင်သည့် ဦးဇော်သိန်းတို့အား ပုသိမ်ထောင်ထဲတွင် တစ်နှစ်ခန့် အကြာ ဖမ်းဆီးထားပြီးနောက် ဧပြီလ ၅ ရက်နေ့က အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု ပုသိမ်ခရိုင် တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။
၎င်းတို့ ၃ ဦးသည် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တက်ကြွစွာ လုပ်ဆောင်ခဲ့ကြသူများ ဖြစ် သည့်အပြင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြရာတွင်လည်း တက်ကြွစွာ လှုပ်ရှားပါဝင်သူများ ဖြစ် ကြသည်ဟု ဒေသခံများက ပြောသည်။
၎င်းတို့ ၃ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်များ က ပြောသည်။
ဧရာဝတီတိုင်းအတွင်းတွင် စစ်ကောင်စီ၏ နိုင်ငံရေးပုဒ်မ အမျိုးမျိုးတပ်၍ တရားစွဲဆိုခံရသည့်သူများကို ထောင် ဝင်စာတွေ့ခွင့်ကဲ့သို့သော အကျဥ်းသား အခွင့်အရေးများကို မပေးသည့်အပြင် စွဲဆိုခံထားရသည့် အမှုများနှင့် ပတ်သက်၍လည်း ထောင်တွင်းတရားရုံးများတွင်သာ ကြားနာအမိန့်ချနေကြသည်ဟု နိုင်ငံရေး အကျဥ်းသားများ ၏ မိသားစုဝင်များ၏ ပြောပြချက်များအရ သိရသည်။
နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက “အုံနဲ့ ကျင်းနဲ့ သေနတ် တရမ်းရမ်းနဲ့ လက်နက်မဲ့ သူကို ဝိုင်းဖမ်းပြီး အများပြည်သူ မျက်ကွယ်မှာ အရှက်မရှိ အမိန့်ချတယ်” ဟု ပြောသည်။
ပုသိမ် အကျဥ်းထောင်တွင် ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခံထားရသည့် ပုသိမ်ခရိုင် ၇ မြို့ နယ်မှ နိုင်ငံရေး အကျဥ်းသား အမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၃၅၀ ခန့်ရှိကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူ အချို့ထံ မှ သိရသည်။
ယင်း နိုင်ငံရေး အကျဥ်းသား အမျိုးသမီး အမျိုးသား စုစုပေါင်း ၃၅၀ အနက် အမျိုးသမီး ၈ ဦး နှင့် အမျိုးသား ၇၄ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်သည်ဟုလည်း အကျဉ်းဦး စီးနှင့် နီးစပ်သူများက ဆိုသည်။