မြန်အောင်တွင် Mytel တာဝါတိုင် ဖောက်ခွဲ၊ ဒေသခံ ၃ ဦးဖမ်းဆီးခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့ အနီးရှိ ဖားအောက်တော အနီးရှိ Mytel ဖုန်းတာဝါတိုင် တစ်တိုင်ကို ဒေသအတွင်းရှိ စစ်ကောင်စီကို တော်လှန်နေသည့် အဖွဲ့တစ်ဖွဲ့ က အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။

နဂါးနီတော်လှန်ရေးတပ်ဖွဲ့ Red Dragon Revolution Force ( Myanaung ) PRDF အဖွဲ့ က ဧပြီလ ၇ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီခွဲကျော်အချိန်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ပေါက်ကွဲသံက အကျယ်ကြီးပဲ အိမ်တောင်တုန်တယ်၊ ထွက် မကြည့်ရဲဘူး” ဟု အတည်ပြုပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မြန်အောင်မြို့အဝင်လမ်းနှင့် အနီးဝန်းကျင်က ကျေးရွာများထဲ ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ဖားအောက်တောကျေးရွာက ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

RDRF အဖွဲ့ဝင်များက ဖုန်းတာဝါတိုင်အောက်ခြေရှိ System ပုံးအတွင်းသို့ မိုင်း ၂လုံးကို အတွဲလိုက် ထည့်ထားပြီး အဝေးထိန်းစနစ်ဖြင့် တပြိုင်နက်တည်း ဖောက်ခွဲ ဖျက်ဆီးလိုက်သည်ဟုလည်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက် ထဲ တွင် ပါရှိသည်။

RDRF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ က “မိုင်တဲတာဝါတိုင်တွေက စစ်ကောင်စီရဲ့ စစ်ရေး နိုင်ငံရေး ကို အထောက်အပံ့ပြုတဲ့ စီးပွားထောက်တိုင် ဖြစ်လို့ဖျက်ဆီးရတာ” ဟု ပြောသည်။

Mytel ဖုန်းတာဝါတိုင်များကို RDRF အဖွဲ့၏ အဓိကစစ်ရေးပစ်မှတ် အဖြစ်ထားရှိပြီး ထိထိရောက်ရောက် ဖျက် ဆီးနိုင်ရန်အတွက် တာဝါတိုင်အား လှဲပစ်ခြင်း၊ တိုင်အောက်ခြေရှိ System ပုံးများအား သုံးမရအောင် ဖျက်ဆီးပစ် ရခြင်း ဖြစ်သည်ဟု RDRF အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

မြန်အောင်မြို့နယ်အတွင်း၌ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ၊ Mytel ဖုန်းတာဝါတိုင်နှင့် အုပ်ချုပ်ရေးမှူးရုံး အချို့ တို့တွင် မကြာခန ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

မတ်လ ၃၁ ရက်နေ့တွင်လည်း မြန်အောင်မြို့နယ်၊ အင်ပင်ရဲစခန်း အပိုင်နယ်မြေအတွင်းရှိ ပိတ်ထားသည့် ကြက် သွန်ခင်းကျေးရွာက တွဲဘက်အလယ်တန်းကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။