စစ်တပ်၏ နှိပ်စက်မှုကြောင့် အကြားအာရုံ ချို့တဲ့နေသူကို စတုတ္တအကြိမ်မြောက် ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်။

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် စစ်တပ်ကနှိပ်စက်၍ အကြားအာရုံ ချို့ယွင်းနေသူတစ်ဦးကို စစ်ကောင်စီက ၄ ကြိမ် မြောက် ထပ် မံဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။

မအူပင်မြို့၊ အမှတ် (၉) ရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ်ခန့်ရှိသူ ကိုအောင်မင်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင် အား ၅၀ခန့် ဖြင့် ဧပြီလ (၅) ရက်နေ့ ညတွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ပြည် သူများက ပြောသည်။

“ဖမ်းသွားတာ ၃ ရက်ရှိပြီ။ အဆက်အသွယ်မရဘူး။ ကျန်းမာရေးက မကောင်းတော့ စိတ်ပူတယ်” ဟု မိသားစု ဝင် တစ်ဦးက ပြောသည်။

ကိုအောင်မင်းကို စစ်ကောင်စီ တပ်ဖွဲဝင်များက ပြီးခဲ့သည့်နှစ် မတ်လ၊ ဇွန်လ၊ ဇူလိုင်လများကလည်း တစ်လလျှင် တစ်ကြိမ်စီ ဖမ်းဆီးခဲ့ပြီး ယခုတစ်ကြိမ်သည် ၄ ကြိမ်မြောက် အဖမ်းခံရခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူ အချို့ က အတည်ပြု ပြောသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ၃ ကြိမ်မြောက် ဖမ်းဆီးခံရစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်ဆေးခဲ့ သဖြင့် ဦးခေါင်း၊ မျက်နှာနှင့် ခါးတို့တွင် ဒါဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး အကြားအာရုံပါ ချို့ယွင်းသွားခြင်း ဖြစ်သည်ဟု ၎င်း၏မိသားစုဝင်က ဆက်ပြောသည်။

ကိုအောင်မင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း ပြုလုပ်ခဲ့ကြသည့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒဖော်ထုတ်မှုများတွင်ပါဝင်ခဲ့သည်ကို အကြောင်းပြ၍ အကြိမ်ကြိမ် ဖမ်းဆီး နှိပ်စက်စစ်ဆေးခံနေရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြောင်းအမျိုးမျိုးပြကာ စွပ်စွဲ ဖမ်းဆီးပြီး နှိပ်စက်ညှင်းပမ်းခြင်း၊ ခြိမ်းခြောက်ကာ ငွေတောင်းခြင်းများကို ဧရာဝတီတိုင်းအတွင်း၌ အများဆုံး ပြုလုပ်ခံရသည့် မြို့နယ်ဖြစ်သည်ဟုလည်း သိရသည်။