မော်လမြိုင်လေပြင်း အိမ် အလုံး ၃၀ ခန့် ထိခိုက်ပျက်စီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် လူနေအိမ် အလုံး ၃၀ ခန့် ထိခိုက်ပျက်စီးမှုရှိသည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။
ဧပြီလ ၇ ရက်နေ့ ညနေပိုင်းအချိန်ခန့်က မိုးကြီးပြီး လေပြင်းပါ တိုက်ခတ်သွားသည့်အတွက် လူနေအိမ်များ အမိုးလန် ခြင်း၊ ပြိုကျခြင်း၊ နေအိမ်ပေါ် သစ်ပင်လဲကျခြင်း၊ ကားလမ်းပေါ် သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့သည်။
လေပြင်းကြောင့် မော်လမြိုင်မြို့ သာယာအေးရပ်ကွက်ရှိ ကျူးကျော်နေအိမ်များ ထိခိုက်ပျက်စီးသွားသည်။
“သာယာအေးဘက်မှာက ကျူးကျော်နေအိမ်တွေ ပျက်စီးသွားတာရှိတယ်။ မြိုင်သာယာဘက်မှာတော့ သစ်ပင် တွေလှဲတာ နေအိမ်အမိုးလန်တာရှိတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦး က ပြောသည်။
လေပြင်းကြောင့် နေအိမ် ပျက်စီးသွားသည့် မိသားစုဝင်များကို နီးစပ်ရာဆွေမျိုး မိတ်ဆွေနေအိမ်တို့တွင် ပြောင်း ရွှေ့ထားရပြီး အကူအညီများလိုအပ်နေသည်ဟု သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိ ဟုလည်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များ၏ ပြောပြချက်များအရ သိရသည်။