ဟား ၅ ကောင် စစ်တပ်နဲ့ ပေါင်းတယ်ဆိုတဲ့ သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၂ ရက်။

စစ်တပ်က အာဏာသိမ်းတာကို မကြိုက်ခဲ့လို့ တော်လှန်ခဲ့တာမှန်ပေမယ့် အခုအချိန်မှာ တပ်မတော်ရဲ့ သဘော ထားအမှန်ကို နားလည်သွားပြီ ဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ရင်ခွင်မှာ ဟား ၅ ကောင်အဖွဲ့ကို ပြန်လည် ခိုလှုံခွင့်ပေး ပါဆိုပြီး ဟားငါး ကောင်အဖွဲ့မှ လူရွှင်တော် ပိုးလေး ပြောဆိုထားတဲ့ ရုပ်သံတစ်ခုကို ပုလဲရွှေစည် ဆိုသူ Facebook အကောင့်ပိုင်ရှင် ဧပြီလ ၅ ရက်နေ့က တင်ထားတာကိုတွေ့ရပါတယ်။

ပုလဲရွှေစည် ဆိုသူ Facebook အကောင့်ပိုင်ရှင် ဆိုသူ တင်ထားတဲ့ ရုပ်သံထဲမှာ ဟားငါးကောင် အဖွဲ့မှ လူရွှင် တော် ပိုးလေးက ဘာပြောထားသလဲဆိုတော့ “အရင်တုန်းက တကယ်လည်း မကြိုက်ခဲ့ပါဘူး။ မကြိုက်လို့ လည်း ကျနော်တို့တွေ စစ်ကောင်စီကို တွန်းလှန်မယ် ဆိုပြီးတော့ တော်လှန်မယ်ဆိုပြီးတော့ ကျနော်တို့တွေ တောခိုခဲ့ပါတယ်။ လွတ်မြောက်နယ်မြေကို ကျနော်တို့တွေ ရောက်အောင်လာခဲ့ပါတယ်။ အခုအချိန်မှာ ကျနော် တို့ အနုပညာသမားတွေက မြို့ပေါ်မှာ ပွဲလမ်းသဘင်တွေ လုပ်နေကြတယ်။ ကနေကြတယ်။ ကျနော်တို့ အနုပညာရှင်တွေ အများကြီးကနေကြတယ်။ အဲဒါသူတို့ကိုတွေ့တော့ ကျနော်တို့လည်း ကချင်တာပေါ့ဗျာ။ အနုပညာ သမားလေဗျား ကချင်တာပေါ့။ အခုကျနော်တို့ နားလည်သွားပါပြီ။ တပ်မတော်ရဲ့ သဘောထားအမှန်ကို ကျနော်တို့ ညီအစ်ကို ၅ ယောက် နားလည်သွားပါပြီ။ အဲတော့ ကျနော်တို့ကို ပြန်လည်ပြီးတော့ အဘတို့ရဲ့ ရင် ခွင်မှာ ခိုလှုံခွင့်ပေးပါ” ဆိုပြီး တွေ့ရပါတယ်။

အဆိုပါ ရုပ်သံဖိုင်ဟာ ရုပ်သံဖိုင် အမှားတစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပုလဲရွှေစည်ဆိုသူက ဟားငါးကောင်းအဖွဲ့က တင်ထားတဲ့ ရုပ်သံဗီဒီယို တစ်ခုကို ယူပြီး ပြန်တင်ထားတာ မှန်ပေမယ့် အပြည့်အစုံကို မတင်ပဲ လိုသလို ဖြတ်တောက်ပြီးမှ ပြန်တင်ထားလို့ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ဟားငါးကောင်အဖွဲ့က “အလင်းဝင်သူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၆ မိနစ်ကျော်ကျော် လေးရှိတဲ့ ရုပ်သံဗီဒီယို တစ်ခုကို သူတို့ရဲ့ Youtube Channel နဲ့ Facebook စာမျက်နှာတို့မှာ လွှင့်တင်ခဲ့ပါ တယ်။

ဟားငါးကောင်အဖွဲ့က တင်ထားတဲ့ ရုပ်သံဗီဒီယိုကို ဒီမှာ https://bit.ly/3us9dGK နဲ့ ဒီမှာ https://bit.ly/3v7HmLk တွေမှာ ဝင်ကြည့်လို့ရပါတယ်။

အဲဒီ ရုပ်သံဗီဒီယိုကို ပုလဲရွှေစည်ဆိုသူက ယူပြီး သူလိုအပ်တဲ့ အပိုင်းကိုပဲ ၅၅ စက္ကန့်စာ ဖြတ်တာက်ပြီးမှ ပြန် တင် ထားတာကို တွေ့ရပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ စစ်တပ် အာဏာသိမ်းစဉ် ကတည်းက တော်လျှောက် စစ်အာဏာရှင် ဆန့်ကျင်တော် လှန်ရေးမှာ ပါဝင်လာခဲ့ကြပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့ လူရွှင်တော် အဖွဲ့ပဲဖြစ်ပါ တယ်။

အခုလည်းပဲ ပုလဲရွှေစည်ဆိုသူ ပြောဆိုထားသလိုမဟုတ်ပဲ သူတို့တတ်တဲ့ အနုပညာနဲ့ စစ်အာဏာရှင်ကို တွန်း လှန်၊ တော်လှန်နေတယ် ဆိုတာကို သူတို့ရဲ့ ရုပ်သံဗီဒီယိုတွေကို ကြည့်ရင်တွေ့နိုင်ပါတယ်။

အဲဒီလို အနေအထားတွေကြောင့် ပုလဲရွှေစည်ဆိုသူက ဟားငါးကောင်အဖွဲ့ကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ ထောက်ခံအားပေးတာတွေ လျှော့သွားအောင်၊ မထောက်ပံ့ မကူညီအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်သံ အမှားကို ဖန်တီးပြီး တင်ထားတာကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ ပုလဲရွှေစည်ဆိုသူက ရုပ်သံထဲက ပေးချင်တဲ့ သတင်းအချက်အလက် အကြောင်းအရာအမှန်ကို သွေဖယ်ပြီး သူပေးချင်တဲ့ သတင်းစကားကိုပဲ လိုသလို ဖြတ်တောက်ပြီး ပြန်တင်ထားတဲ့ ရုပ်သံအမှားဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

ပုလဲရွှေစည်ဆိုသူ တင်ထားတဲ့ ရုပ်သံအမှားကို ကြိုက်နှစ်သက်သူ၊ သဘောထားမှတ်ချက်ပေးသူတွေနဲ့ ထပ်ဆင့် မျှဝေနေသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်ဝေသူတွေဟာ အရင်ကတည်းက နာမည်ကြီး အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ ထင်ပေါ် ကျော်ကြားသူတွေ၊ နိုင်ငံခေါင်းဆောင်တွေက မပြောပါပဲလျက် ပြောဆိုထားသယောင် သတင်းအမှားတွေကို ဖန် တီးကာ ရေးသားနေကြပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာ ကို တွေ့ရပါတယ်။

ဒါ့အပြင် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်း ဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုး မျိုးနဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာ နတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။