ကချင် မိုးဦးစောမည်၊ ရေခဲတောင်များအရည်ပျော်နိုင်။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။

ကချင်ပြည်နယ်အတွင်းမှာ ယခုနှစ်တွင် နွေအပူချိန် လျော့နည်း၍ မိုးဦးစောနိုင်သဖြင့် ရေခဲတောင်များ အရည်ပျော်နိုင်သည်ဟု ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းထားသည်။

ကချင်ပြည်နယ် အတွင်း မိုးဦးစောပါက အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ပြီး ရေခဲတောင်များ အရည်ပျော်ကျ၍ မြစ်ရေအနည်းငယ်တိုးလာနိုင်သည့်အတွက် မြစ်ကမ်းအနီးအနား နေသူများ၊ သီးနှံစိုက်ပျိုးသူများနှင့် ရေလုပ် သားများအနေဖြင့် အထူးသတိထားရမည့် ကာလဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ်မိုး/ဇလမှ ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက် က “နားလည်လွယ်အောင် ပြောရရင် ချိန်ခွင်က လေး တဲ့ဘက်ကို လျှာက စောင်းသွားတယ် မလား။ အဲ့ဒီလို စောင်း သွားတဲ့ အနေအထားကို အယ်နီညိုလို့ခေါ်တာ။ စောင်းရာကနေ တည့်အောင် ပြန်ညှိပေးတဲ့ဟာကို လာနီညာ လို့ ခေါ်တယ်။ ဒါကမှ မြစ်ကြီးနားမြို့ရဲ့ ပုံမှန် ရာသီ ဥတုဟုတ်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အနှစ်အစိတ်လောက်က မြစ်ကြီးနားမြို့က နေရတာ ဒီလိုလေးပဲလေ။ မနက်ခင်းပိုင်း မိုးရွာမယ်။ နေ့လည်လောက်ဆို နေထွက်မယ်” ဟု ပြောသည်။

ယခင်က ကချင်ပြည်နယ်သည် စံချိန်လွှဲပြီး ပုံမှန်ရာသီဥတုမှ သွေဖယ်သွားသည့် ပူပြင်းလှသည့် အယ်နီညို ရာသီ ဥတု ဖြစ်ခဲ့ရာမှ ယခုအနှစ် ၂၀ ကျော်အတွင်း ချိန်ခွင်လျှာညာ ညှိသကဲ့သို့ လေအေးများ ပြန်လည် တိုက်ခတ်လာ သည့် လာနီညာရာသီဥတု ပြန်ဖြစ်လာရခြင်းသာ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ မိုးကြိုကာလကို ဧပြီလတွင် အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက် သည့်နေ့ အထိ သတ်မှတ်ထားပြီး၊ မိုးဦးကာလကို အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင် ဝင် ရောက်သည့်နေ့မှ ဇွန်လကုန်ထိသတ်မှတ်ထားသည်။

အလားတူ မိုးလယ်ကာလကိုလည်း ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ၊ မိုးနှောင်းကာလကို စက် တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းမှ ဆုတ်ခွာပြီးသည့်နေ့အထိ သတ်မှတ် ထားသည်ဟု မိုး/ဇလထံမှ သိရသည်။

ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက် Climate Change ခေါ် ဥတုရာသီ ဖောက်ပြန် ပြောင်းလဲခြင်းကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနိုင်ငံအနှံ့အပြားတွင် ခံစားနေရပြီး မိုးကြီး မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ အပူရှိမြင့်တက် ခြင်းနှင့် အအေးပိုကဲံခြင်းကဲ့သို့သော အစွန်းရောက် ရာသီဥတုဖြစ်စဉ်များကို ရင်ဆိုင်နေကြသည်။

မြစ်ကြီးနားမြို့ပေါ်က မန်ခိန်ရပ်ကွက်၊ ရွှေစက်ရပ်ကွက်၊ အင်ဂျန်ဒုံရပ်ကွက်များတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် အတူ မိုးသီးများကျခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ပလနရပ်ကွက်တွင် မိုးသီးများကျခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

ထိုသို့ မိုးသီးများချခဲ့မှုကြောင့် နေအိမ်များနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးကုန်သည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟု ရပ် ကွက်နေသူများက ဆိုကြသည်။