ဆန္ဒပြသူ စတုတ္ထနှစ် ဥပဒေကျောင်းသားအား ထောင်တရားရုံးက ထောင် ၂ နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
ဆန္ဒပြ၍ ဖမ်းထားသူ ပုသိမ်တက္ကသိုလ် စတုတ္ထနှစ် ဥပဒေကျောင်းသားတစ်ဦးကို ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်ဟု ပုသိမ်ခရိုင် တရားရုံးနှင့် နီးစပ်သူများက ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်က စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့သူ စတုတ္ထနှစ် ဥပဒေ ကျောင်းသား ကိုအောင်သက်ပိုင်အား စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင် ၂ နှစ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ပုသိမ်ခရိုင် တရားရုံးနှင့် နီးစပ်သူ တစ်ဦး က “မနှစ်က ဖေဖော်ဝါရီလထဲက အဖမ်းခံရတာ။ တစ်နှစ်ကျော်ပြီ၊ အဲ့ ဒီချုပ်ရက်တွေ လျှော့ပေါ့ခံစားခွင့်ရတယ်” ဟု ဆက်လက်ပြောဆိုသည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုပြီး ဖမ်းဆီးခံထားရသူ တက္ကသိုလ် ကျောင်းသား ကိုအောင်သက်ပိုင်ကို ဧပြီလ ၈ ရက်နေ့တွင် ပုသိမ်ထောင်တွင်း တရားရုံးက ထောင်ဒါဏ် ၂ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုအောင်သက်ပိုင်သည် စစ်တပ်က အာဏာသိမ်းမှူကို ဆန့်ကျင်ဆန္ဒပြသည့် ပုသိမ်တက္ကသိုလ် စစ်ကြောင်းကို ဦးဆောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး စစ်အာဏာရှင် စနစ်ဆန့်ကျင့်ရေး၊ ဒီမိုကရေစီရေးနှင့် ပတ်သက်၍ ဟော ပြောမှုများပြုလုပ်ခဲ့သူ ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ၎င်းသည် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း တစ်ဦးလည်းဖြစ်သည်ဟု ကျောင်းသားသမဂ္ဂ အသိုင်းအဝိုင်းထံမှ သိရသည်။
ကိုအောင်သက်ပိုင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင် ပုသိမ်ကြိုးတံတားတွင် ဆိုင်ကယ်စီးလာစဉ် အရပ်ဝတ် ငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
“ဖမ်းသွားတဲ့ အချိန်ထဲက လူချင်းတွေ့ခွင့်မရဘူး။ ထောင်ဝင်စာ ပစ္စည်းပဲပေးလို့ရတယ်။ လက်နက်နဲ့ အဓမ္မ အနိုင်ကျင့်တာကို မကြိုက်လို့ ငြိမ်းချမ်းစွာဆန္ဒပြတာ ထောင်ချခံရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ပုသိမ် အကျဉ်းထောင်တွင် ပုဒ်မ အမျိုးမျိုးတပ်၍ ဖမ်းဆီးခံထားရသည့် ပုသိမ်ခရိုင်အတွင်းက မြို့နယ် ၇ မြို့ နယ် ထဲက နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၃၅၀ ဦးခန့် ရှိသည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
“ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်နဲ့ ခုဧပြီလထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို အပြီးဖြတ်ပြီး ထောင် ဒါဏ်တွေ ချနေတယ်။ ၅၀၅-က ဖြစ်ဖြစ် (ခ) ဖြစ်ဖြစ် ထောင်၂ နှစ်ပဲ” ဟု ပုသိမ်ခရိုင်တရားရုံးနှင့် နီးစပ်သူ တစ် ဦးက ပြောသည်။
ပုသိမ်အကျဉ်းထောင် အတွင်းရှိ နိုင်ငံရေး အကျဉ်းသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၅၀ ထဲမှ ၈၆ ဦးကို စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ထားပြီး ဖြစ်သည်။
ထိုသို့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၈၆ ဦးထဲတွင် အမျိုးသမီး ၈ ဦး ပါဝင်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများ ထံမှ သိရသည်။