ဖမ်းဆီးလိုသူများကို မမိသဖြင့် မိသားစုများကို ဖမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဖမ်း၍ မမိသဖြင့် မိသားစုဝင်များ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဧပြီလ ၉ ရက်နေ့ ညက ပုသိမ်မြို့ တဘက်ကမ်းရှိ အမှတ် ၁၀ ရပ်ကွက် မှ စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူ ဦးသန်းမြင့်၏ ဇနီး ဒေါ် အေးအေး နှင့် သမီးဖြစ်သူတို့ အပါအဝင် ယင်းရပ်ကွက်နေထိုင်သူ ပြည်သူ ၆ ဦး ဖမ်းဆီး ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက “ဖမ်းဝရမ်း ထုတ်ထားတဲ့သူတွေ ပြန်ရောက်နေတယ် သတင်းရလို့ ဝင်ဖမ်းတာ။ မတွေ့လို့ မိသားစုဝင်တွေကို ဖမ်း တာ” ဟု ပြောသည်။
ထို့အပြင် ဧပြီလ ၁၀ ရက်နေ့၊ ည ၁၂ ကျော် အချိန်ခန့်ကလည်း အမှတ် ၆ ရပ်ကွက်၊ ထန်းကုန်းလေးရပ်မှ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ် ကိုမဲကြီး၏ ဖခင်ဖြစ်သူ အသက် ၅၄ နှစ်ရှိ ဦးဝင်းမြင့်လည်း ဖမ်းဆီးခံ လိုက်ရသည်ဟု ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။
အလားတူ ထို ဧပြီလ ၁၀ ရက်နေ့၊ ည ၁၂ နာရီကျော်အချိန်မှာပင် ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်၊ ဥမ္မာဒန္တီ ၂ လမ်းရှိ နိုင်တီးလက်ဘက်ရည်ဆိုင် ပိုင်ဆိုင်ရှင်၏ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်စုက စီနင်းဝင်ရောက် ရှာဖွေခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆိုင်ရှင်၏ သားဖြစ်သူ ပြန်ရောက်နေသည့် သတင်းရရှိ၍ဟု ဆိုကာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စီးနင်းရှာဖွေခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူအချို့ က ပြောသည်။
မိသားစုဝင် တစ်ဦး က “အိမ်ကလူတွေကို ဖမ်းမသွားပါဘူး။ ကောင်လေး (တိမ်းရှောင်နေသူ) ကို အလင်းဝင် အဖမ်းခံဖို့ ဆက်သွယ်ပေးဖို့ စစ်ဗိုလ်က ပြောတယ်” ဟု ပြောသည်။
အဖမ်းခံပါက ဘာမှ မဖြစ်စေရန် တာဝန်ယူပါသည်ဟု စစ်ဗိုလ်က ပြောသွားကြောင်း၊ သို့သော် ထိုပြောစကားကို မိသားစုဝင်များအနေဖြင့် အယုံအကြည် မရှိဘူးဟု ဆက်ပြောသည်။
စစ်ကောင်စီက ရှာဖွေနေသူများသည် ပုဒ်မ ၅၀၅၊ ပုဒ်၂၅၊ ပုဒ်မ ၁၂၂၊ ပုဒ်မ ၁၂၄ တို့ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရ သူများဖြစ်ပြီး ဖမ်းဝရမ်းထုတ်ခြင်း မခံရမှီ တကည်းကပင် မိသားစုနှင့် ကင်းကွာနေကြသူများ ဖြစ်သည်ဟု သိရ သည်။