ဟင်္သာတ ထောင်တွင်း တရားရုံးက အမတ်တစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
ဧရာဝတီတိုင်း ဟင်္သာတ ထောင်တွင် တစ်နှစ်ကျော်အကြာ အဖမ်းခံထားရသည့် အင်္ဂပူမြို့နယ်က အမတ်လောင်း တစ်ဦးကို စစ်ကောင်စီ လက်အောက်ခံ တရားရုံးကထောင် ၂ နှစ်ချလိုက်သည်ဟုသိရသည်။
ဟင်္သာတမြို့နှင့် အင်္ဂပူမြို့တို့တွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြခဲ့သည့် ပြည်သူ့ပါတီ ကိုယ်စားပြု အမတ်လောင်း ဦးစိန်သောင်းကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ကာ သဘာဝဘေးစီမံ ဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု ဟင်္သာတမြို့ခံ ရှေ့နေများထံမှ သိရသည်။
ဟင်္သာတမြို့ခံ ရှေ့နေတစ်ဦး က “သူ့ကို ဆန္ဒပြလို့ ဖမ်းထားတာ တစ်နှစ်ကျော်ရှိနေပြီ။ အဲ့ဒီအတွက် ချုပ်ရက် လျော့ပေါ့ ခံစားခွင့်ရတယ်” ဟု ပြောသည်။
ပြည်သူ့ပါတီအား ကိုယ်စားပြု၍ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အင်္ဂပူမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဥ်ပြိုင်ခဲ့သည့် ဦးစိန်သောင်းအား စစ်ကောင်စီ၏ ထောင်တွင်းတရားရုံးက ဧပြီလ ၈ ရက် နေ့က ထောင်၂ နှစ် ချလိုက်ခြင်းဖြစ်သည် ဟု ယင်းပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ ထံမှ သိရသည်။
ဦးစိန်သောင်းအား ၎င်းနေထိုင်သည့် ဟင်္သာတမြို့၊ ဆန်ကာရပ်ကွက်ရှိ နေအိမ်မှ ၂၀၂၁ ခုနှစ် မတ်လဆန်းတွင် စစ်ကောင်တပ်ဖွဲ့ဝင်များ က အင်အားသုံး၍ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
အမတ်လောင်း ဦးစိန်သောင်းသည် သွေးတိုးနှင့် နှလုံးရောဂါ ခံစားနေရသူဖြစ်ပြီး ထောင်ဒဏ် အမိန့်မချမှီ ၂
လ အလိုတုန်းကလည်း ကျန်းမာရေး မကောင်းသဖြင့် ထောင်တွင်း၌ ဆေးကုသခဲ့ရသေးသည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။
“စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လို့ တရားမဲ့ထောင်ချခံရတာပါ။ ကျန်းမာရေး မကောင်းဖြစ်နေတာကို စိုး ရိမ်တယ်” မိသားစုတစ်ဦးက ပြောသည်။
ထောင် ၂ နှစ်ချခံရသူ ဦးစိန်သောင်းသည် ဟင်္သာတမြို့ နှင့် အင်္ဂပူမြို့တွင် နိုင်ငံရေး၊ လူမှုရေးတက်ကြွလှုပ်ရှားသူ ၈၈ ကျောင်းသားဟောင်း တစ်ဦးဖြစ်သည်။
ထို့အပြင် NLD ပါတီ မြို့နယ် စည်းရုံးမှူးအဖြစ် ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပြည်သူ့ပါတီ ဧရာဝတီတိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးပါတီများ အသိုင်းအဝိုင်းထံမှ သိရသည်။