မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှု တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်? ဧပြီလ ၁၂ ရက်။
မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏ လက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့ အစည်းများ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်လာနေသည်ဟု ခရီးသွားများ နှင့် ကားသမားအချို့က ပြောသည်။
မွန်ပြည်နယ်အဝင် စစ်တောင်းတံတား ဂိတ်နေရာတွင်လည်း ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမို တင်း ကြပ်လာသည်ဟု ဆိုကြသည်။
”စစ်တောင်းတံတားမှာ စစ်တယ်။ ပြီးခဲ့တဲ့လက ပြန်တာတော့ ဒီလိုမျိုး မှတ်ပုံတင်ထုတ်ခိုင်းပြီး စစ်ဆေးတာ တော့မရှိခဲ့ဘူး။ အခု မှတ်ပုံတင်ထုတ်ခိုင်းပြီး စစ်တာ။ ကားဆရာကတော့ မှတ်ပုံတင် မပါရင် ပိုက်ဆံပေးရ တယ် လို့ ပြောတယ်” ဟု ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူ ခရီးသွားတစ်ဦးက ပြောသည်။
သကြင်္န်ကာလ ခရီးသွားလာသူများသည့် အချိန်တွင် စစ်ဆေးမှုလည်း တင်းကြပ်လာပြီး ရန်ကုန်-မော်လမြိုင် လမ်းတလျှောက် အဓိက မှတ်ပုံတင် ပါ မပါ စစ်ဆေးနေသည်ဟု ခရီးသွားတစ်ဦးက ပြောသည်။
မှတ်ပုံတင်မပါသူများကို ပြန်လှည့်ခိုင်းခြင်းမျိုး ရှိသလို အချို့ကလည်း ပိုက်ဆံပေးပြီးနောက် ဖြတ်သန်းသွားလာ ခွင့်ရနေသည်များလည်းရှိသည် ဟု ကားသမားအချို့က၏ ပြောပြချက်အရ သိရသည်။
ထို့အတူ ကရင်ပြည်နယ်ဘက်မှ ဝင်လာလျှင်လည်း ခရီးသည်များအား မှတ်ပုံတင် ပါ မပါကိုပဲ အဓိက စစ်ဆေး နေသည်ဟု ခရီးသွားများ၏ ပြောပြချက်အရ သိရသည်။
”မှတ်ပုံတင် ထုတ်ခိုင်းတယ်။ ပြီးတော့ လူနဲ့ မှတ်ပုံတင်ကို တိုက်ကြည့်ပြီး ဘယ်ကလာလဲ မေးတယ်။ အဲ့လိုမျိုး စစ်တယ်” ဟု ဧပြီလ ၈ ရက်နေ့က ဘုရားသုံးဆူမှ မုဒုံသို့ ပြန်လာသူတစ်ဦးက ပြောသည်။
အလားတူ ရေးမြို့နယ် အဝင် စစ်ဆေးဂိတ်နေရာများတွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ဟု သိရ သည်။
မှတ်ပုံတင်မပါသူများကို မွန်ပြည်နယ်အတွင်းသို့ ဝင်ခွင့်မပြုရန် ပြည်နယ်စစ်ကောင်စီက ညွှန်ကြားထားသည်ဟု သိရသည်။
သို့သော် မည်သည့်အကြောင်းအရင်းကြောင့် ထိုကဲ့သို့ ညွန်ကြားထားသည်ကို မသိရသေးပေ။