ဆန်အိတ်အတွင်းမှ ဗုံးပေါက်ကွဲရာ ရဲနှစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။

မွန်ပြည်နယ်၊ သထုံမြို့နယ် စုပေါင်းရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

စုပေါင်းရုံးသို့ လာပို့ထားသည့် ဆန်အိတ်အတွင်းမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟုလည်း မြို့ခံတဦးက ပြောသည်။

သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့၊ မွန်းလွှဲ ၁ နာရီခွဲ အချိန်ခန့်က ရုံးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပေါက်ကွဲမှုဖြစ်တာက နေ့လည် တစ်နာရီခွဲအချိန်လောက်ဖြစ်တယ်။ ပေါက်ကွဲသံကလည်း အကျယ်ကြီးပဲ ရဲနှစ်ယောက် ထိသွားတယ်လို့ သိရတယ်။ ရုံးအဆောက်အဦလည်း အများကြီး ထိသွားတယ်” ဟု သထုံမြို့ခံ တစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက်သတင်းဌာနကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ ဒု-ရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦအချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သထုံမြို့ ဒေသခံများ က ပြော သည်။

စုပေါင်းရုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ် နေသည်ဟု မြို့ခံများက ပြောသည်။