ဟင်္သာတရှိ ဆောက်လုပ်ဆဲ ဗဟိုမဏ္ဍာပ် အနီးတွင် ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။
ဟင်္သာတ ဗဟို မဏ္ဍာပ် အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီးနောက် အနီးရှိ ဆိုက္ကားသမားများကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ ဘုရားလမ်းတွင် စစ်ကောင်စီက ဆောက်လုပ်နေသည့် သင်္ကြန်ဗဟိုမဏ္ဍပ်အနီးတွင် ဧပြီလ ၁၂ ရက်နေ့ နံနက် အစောပိုင်းအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Hinthada local PDF အဖွဲ့က စစ်ကောင်စီက ဆောက်လုပ်နေသည့် သင်္ကြန် ဗဟိုမဏ္ဍပ်အနီးတွင် နံနက် ၄ နာရီ ၅၀ မိနစ် အချိန်က ဗုံးဖောက်ခွဲခဲ့ကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြည်သူများအား ငဲ့ညှာနေရသည့်အတွက် အစီအ စဥ်အချို့ကို ဖျက်သိမ်းခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
မဏ္ဍပ်အနီးရှိ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး က “အသံအကျယ်ကြီးပဲ သွားလဲမကြည့်ရဲဘူး အဲဒီအနားက ဆိုက္ကား သမား ငါးယောက်ကိုတော့ ခေါ်သွားတာတွေ့တယ်” ဟု ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး သင်္ကြန်မဏ္ဍာပ်အနီး လမ်းအချို့ကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများအား ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဟင်္သာတမြို့ခံ အချို့က ပြောသည်။
CCTV မှတ်တမ်းအရ အမျိုးသမီးတစ်ဦးက ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်တွင် အထုပ်တစ်ထုပ် လာချသွားသည်ကို တွေ့ရသည်ဟု စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် လူနှင့် ပစ္စည်းများ ထိခိုက်ပျက်စီးမှုမရှိဟုလည်း သိရသည်။
စစ်ကောင်စီက ဆောက်လုပ်နေသည့် အဆိုပါ သင်္ကြန်မဏ္ဍပ်တွင် “ညကတော့ ညဉ့်နက်တဲ့အထိ သီချင်းတွေကို ဆောင်းဘောက်စ် (Sound box) နဲ့ အကျယ်ကြီးဖွင့်နေတာ။ နားမခံနိုင်ဘူး။ မနက်လည်းကြရော ဗုံးပေါက်တာပဲ” ဟု မြို့ခံ တစ်ဦး က ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင် စစ်မှုထမ်းဟောင်းများ၊ ပျူစောထီးများ၊ မီးသတ်အဖွဲ့များ နှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများဖြင့် လုံခြုံရေးကို ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့သည် တိုင်းအတွင်း ရှိ မြို့ပေါင်း ၃၃ မြို့တွင်လည်း အခြားသော တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့များကဲ့သို့ သင်္ကြန်ရေကစား မဏ္ဍပ်များ တည် ဆောက်၍ ရေကစားပွဲ ကျင်းပရန် စီစဥ်ထားသည် ဟု သိရသည်။