ရှမ်းနီလူထုအကျိုးကို နှောက်ယှက်ဖျက်ဆီးသူများကို ထိရောက်စွာ အရေးယူမည်ဟု SNA ဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်။

ရှမ်းနီပြည်သူလူထု၏ အကျိုးစီးပွားကို နှောက်ယှက်ဖျက်ဆီးရန် ဆောင်ရွက်နေသည့် လုပ်ရပ်များကို ရှုံ့ချ ကြောင်းနှင့် ထိုကဲ့သို့ ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူသွားမည်ဟု ရှမ်းနီအမျိုးသားများ တပ်မတော် SNA က ထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၃ ရက်နေ့ (ယနေ့) တွင် ရှမ်းနီအမျိုးသားများ တပ်မတော် SNA ၏ ဗဟိုကော်မတီက သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

SNA ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်း က “ဒီလိုပါ လူထု အခု နိုင်ငံရေးအကြပ်အတည်းကာလမှာ ဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကာလမှာပေါ့လေ လက်နက်ကိုင်အဖွဲ့တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့တိုက်ကြခိုက်ကြတယ်။ တိုက်ကြခိုက်ကြတဲ့အခါမှာ ကြားထဲမှာ လူထု တွေက ဆုံးရှုံးမှုလေးတွေ ရှိနေတယ်ပေါ့ဗျာ။ ပြောရလို့ရှိရင် အခု စစ်ကောင်စီနဲ့ PDF နဲ့ တိုက်ကြခိုက်ကြတဲ့ နေ ရာမှာ ကျနော်တို့ လူထုဘက်ကို အဲ့ဒီရဲ့ တိုက်ပွဲဒဏ်တွေက လာ ပြီးတော့မှ ထိခိုက်ကုန်မှာစိုးလို့ ကျနော်တို့က ကြို တင်သတိပေးတဲ့အနေနဲ့ ထုတ်ပြန်တာပါ။ စစ်ကောင်စီဘက် က စစ်ရေးလှုပ်ရှားမှုက PDF ကို ဦးတည်ပြီး တော့ လှုပ်ရှားနေတာတွေ များပါတယ်” ဟု ပြောသည်။

ရှမ်းနီတိုင်းရင်းသားများ နေထိုင်သည့် ဒေသများထဲက ပြည်သူများ၏ အကျိုးစီးပွားကို နှောက်ယှက် ပျက်စီး စေမယ့် လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်းကို မဆို ပြင်းထန်စွာရှုံ့ချကြောင်းနှင့် ရှမ်းနီ လူ ထုရဲ့ အကျိုးစီးပွားကို နှောက်ယှက်ပျက်စီးစေသည့် သူမှန်သမျှကို SNA အနေဖြင့် ထိရောက်စွာ တုံ့ပြန် အရေးယူသွားမည်ဟု SNA ဗဟို ကော်မတီက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ကချင်ပြည်နယ်ထဲက မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော် စသည့် မြို့နယ်များနှင့် စစ် ကိုင်းတိုင်း ဒေသကြီးထဲက ဟုမ္မလင်း၊ ခန္တီးနှင့် ဗန်းမောက် စသည့် မြို့နယ်များထဲတွင် ရှမ်းနီတိုင်းသားများ နေ ထိုင်ကြပြီး SNA ကလည်း ထိုဒေသများကို အခြေပြု၍ လှုပ်ရှားနေခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်နှင့် စစ်ကိုင်း အစပ်နေရာအတော်များများတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း စစ်ရေးလှုပ်ရှားမှုများ စိပ်လာသည်ဟု ဒေသခံများက ပြော သည်။

ဧပြီလ ၁၀ ရက်နေ့တွင်လည်း ခန္တီးမြို့နယ်ထဲတွင် ရှိနေသည့် SNA စခန်းငယ်တစ်ခု စစ်ကောင်စီ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး SNA ဘက်က သေဆုံးမှုများလည်း ရှိခဲ့သည်ဟု စိုင်းအောင်မိန်းက အတည်ပြုပြောသည်။

“သူတို့ PDF စခန်းနဲ့ မှားပြီးဝင်တိုက်သွားတယ်လို့ ကြားတယ်ဗျ။ ကျနော်တို့ကလည်း သွားရင်းလာရင်းနဲ့ လှုပ် ရှားနေတာလေ။ သူတို့လည်း သွားရင်းလာရင်း လှုပ်ရှားနေတာ။ လက်နက်ကိုင်တပ်ဆိုတာကတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တွေ့ရင်တော့ ပစ်ကြခတ်ကြမှာပဲ။ ဒီသဘောတရားပါပဲ၊ အဲ့ဒီအပေါ်မူတည်ပြီးတော့ သူတို့က စခန်းရှိ တယ်ဆိုပြီးတော့ လာပစ်သွားတာပါ။ ကျတယ်ဆိုတဲ့သတင်းတော့ ကြားရတယ်။ အဲ့ဒါတော့ အတည်ပြုလို့ရ ပါ တယ်။ ဘယ်သူဘယ်ဝါ ဘာညာဆိုတာ သေချာလေး ကောင်းကောင်းမသိသေးတာ။”

ယခုလ ၁၀ ရက်နေ့တွင် ခန္တီးမြို့နယ်၊ မိုင်းနောင်ရွာအနောက်ဘက်တွင်ရှိနေသည့် SNA ၏ စခန်းငယ်တစ်ခုကို PDF စခန်းနှင့် မှားပြီး စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုသို့တိုက်ခိုက်ခံရမှုကြောင့် SNA ဘက် က တပ်ဖွဲ့ နှစ်ဦး ကျဆုံးခဲ့သည်ဟု SNA ပြောရေးဆိုခွင့်ရှိသူ စိုင်းအောင်မိန်း က ဆက်ပြောသည်။

စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်း SNA တပ်က အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသော်လည်း SNA လှုပ်ရှားသည့် နယ်မြေများထဲက တစ်ခုဖြစ်သည့် ဟုမ္မလင်းမြို့နယ်ထဲတွင် နှစ်ဖက်ကြား တိုက်ပွဲငယ် ၄ ကြိမ်ထက်မနည်း ဖြစ်ပွားမှု ရှိခဲ့သည်။