စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် မြေပုံတွင် ထိတွေ့မှု ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် သင်္ကြန်အကြိုနေ့တွင် နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၁၃ ရက်နေ့ (ယနေ့) သင်္ကြန်အကြိုနေ့တွင် မြေပုံမြို့နယ်၊ ဝက်ခေါင်းကျေးရွာအနီးတွင် နှစ်ဖက်ကြား မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
မြေပုံမြို့က ဒေသခံတစ်ဦး က “နှစ်ဖက်ထိတွေ့ ဖြစ်တာပေါ့။ မိနစ်ပိုင်းလောက် နည်းနည်းလေးပေါ့။ မြေပုံတောင်ဘက်အခြမ်းလောက်ကျမယ်ထင်တယ်။ မြေပုံမြို့နဲ့ ၅ မိုင်အကွာအဝေး အဲ့ဒီလောက်ရှိမယ်” ဟု ပြော သည်။
ဧပြီလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် မြေပုံမြို့နှင့် ၅ မိုင်ခန့် အကွာတွင်ရှိသည့် မြေပုံ- မင်းပြား ကားလမ်းမပေါ်က ဝက်ခေါင်းကျေးရွာအနီး၊ ဆေးခန်းအဆောက်အဦ တစ်ခုအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က “မြေပုံမြို့နဲ့ ၅ မိုင်လောက် ဝေးတဲ့ ဝက်ခေါင်း ကျေးရွာမှာ တပ်မတော်က တပ်စွဲထားတဲ့ အဆောက်အဦတစ်ခုရှိတယ်။ အဲ့ဒီထဲမှာ စစ်သားက ၃၀ လောက်ရှိ တယ်။ အဲ့မှာ ULA/AA ဘက်က လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့ပြီးတော့ ခနတဖြုတ် တိုက်ပွဲဖြစ်တာပါ။ ခန တဖြုတ်ဆိုတာကတော့ လက်နက်ကြီးနဲ့ လေး ငါး ချက်လောက်ပစ်တယ်။ ပြီးတော့ လက်နက်ငယ်နဲ့ အချက် ၂၀ ကျော်လောက် ပစ်တယ်။ အဲ့လို ခနတစ်ဖြုတ်ဖြစ်ပြီးတော့ လူစုကွဲသွားတာပေါ့။ အဲ့နောက်တော့ ဆက်မဖြစ်တော့ ဘူး ဒါပေမယ့် ကျနော်တို့က စောင့်ကြည့်နေတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် နှစ်ဖက်ကြား တိုက်ပွဲသံ ပစ်ခတ်သံများ ရပ်သွားပြီဖြစ်သော်လည်း ဆက်လက် စောင့်ကြည့် နေ ရသည့် အခြေအနေတွင် ရှိနေသေးသည်ဟု မြေပုံမြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်သည် မြေပုံမြို့တွင် အထိုင်ချကာ အနီးအနားကျေးရွာများသို့ နှစ်ရက် တစ်ကြိမ်၊ သုံးရက် တစ်ကြိမ်ခန့် ဝင်ရောက်တပ်စွဲ လှုပ်ရှားမှုများရှိနေပြီး ULA/AA ဘက်ကလည်း ၎င်းတို့ လှုပ်ရှားသည့် နယ်မြေဖြစ်သည့် အတွက် အဝင်အထွက် အသွားအလာများ ရှိနေသည်ဟု သိရသည်။
“အဲ့ဒီမှာ စစ်ကြောင်းချင်းတိုးပြီး လျှောက်ပစ်လှမ်းပစ် သဘောလောက်ပါ။ အဲ့လို ဖြစ်ပြီးတော့ ၅ မိနစ်လောက် အတွင်းမှ ပြန်ပြီးသွားတာပေါ့။ အခုတော့ ဟိုဘက်က လူစုကွဲသွားတာကို စစ်တပ်ဘက်ကလည်း ပြန်စုနေတယ် လို့ ကြားတယ်။ ULA ဘက်ကလည်း အဲ့လိုသဘောမျိုးတော့ ရှိပါတယ်။ လူထုတွေရဲ့ စိုးရိမ်မှုကတော့ ညဖြစ် လာ မလားဆိုပြီးတော့ အဲ့ဒီဝက်ခေါင်းရွာခံ ပြည်သူတွေကတော့ နီးစပ်ရာတွေကို ရှောင်တိမ်းနေရ တာပေါ့။ သူတို့က နောက်ထပ်ဖြစ်လာရင် ရွာကိုလှမ်းပစ်တာတို့ ဘာတို့ အရင်ကလို ဖြစ်လာမှာစိုးလို့” ဟု မြေပုံဒေသခံတစ်ဦးက ပြောသည်။
ဝက်ခေါင်းကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ပြီး ရခိုင်တိုင်းရင်းသား နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရွာသားများ စစ်ဘေးလွတ်ရာနေရာအချို့တွင် ရှောင်တိမ်းနေနေကြသည်ဟု သိရ သည်။
ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်တပ်များ၏ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု အခြေအနေများကို မသိရသေးဘူးဟု ဒေသခံများသည်။
ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၁၀ ရက်နေ့ ခန့်မှ စတင်၍ ဝင် ရောက် နေရာယူထားခြင်း ဖြစ်ပြီး၊ ရက္ခိုင့်တပ်တော် ULA/AA က ဝင်လာချိန် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် မြောက်ဦးမြို့နှင့် ကျောက်တော်မြို့တို့တွင်လည်း စစ်ရေးလှုပ်ရှား မှုများ ရှိလာနေသည်ဟု မြို့ခံများ၏ ပြောပြချက်များအရ သိရသည်။
ရက္ခိုင့် တပ်တော် AA နှင့် မြန်မာ စစ်အုပ်စုတို့မှာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် အပစ်အခတ်ရပ်စဲရေး နှုတ်သဘောတူညီမှုကို ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အာဏာရယူထားသော စစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ ရုတ်သိမ်းခဲ့သည်။