သင်္ကြန်ရေမကစားရန် မှတ်ချက်ပေးသူကို စစ်ကောင်စီ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ကံမဟစ်တိုင် Facebook သတင်းစာမျက်နှာက တင်သည့် သတင်းအောက်တွင် မှတ်ချက်ပေးခဲ့သူ အမျိုး သမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

မသန်းသန်းဆွေ ဆိုသူ အမျိုးသမီးက ကံမဟစ်တိုင် သတင်းစာမျက်နှာတွင် တင်ထားတဲ့ “စစ်ကောင်စီ ရေကစား မဏ္ဍပ်များနှင့် ဝေးဝေးနေရန်” သတိပေးချက်ကို နီးစပ်ရာအား ပြောပြရန်မေတ္တာရပ်ခံ စာအောက်တွင် “လုပ် လိုက်တော့” ဟု မှတ်ချက်ပေးခဲ့သည့်အတွက် ဧပြီလ ၁၄ ရက်နေ့က အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

“လုပ်လိုက်တော့” ဟူသောစာသား၏ အဓိပ္ပါယ်ကို ဗုံးခွဲခိုင်းသည်ဟု ကံမဟစ်တိုင်သတင်းပေ့ချ်ကို စောင့်ကြည့် နေသည့် စစ်ကောင်စီသတင်းပေးက တိုင်ကြားသဖြင့် ယခုကဲ့သို့ ဖမ်းခံရခြင်းဖြစ်သည် ဟုသိရသည်။

”စကစဒလံက ရေးတဲ့သူကိုသိတယ်။ တင်ပြီးသိပ်မကြာဖူး ဖမ်းလိုက်တာ။ နိုင်ငံရေးသမား မဟုတ်ဘူး သာမာန် အရပ်သူပါ။ Facebook လည်း လည်လည်ဝယ်ဝယ်မသုံးတတ်ပါဘူး” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကံမပေ့ချ်သည် စစ်ကောင်စီက စောင့်ကြည့်နေပြီး ဖမ်းဆီးခံရသူတိုင်းကို ပေ့ချ်အက်ဒမင် မည်သူလဲဟု မေးမြန်း စုံစမ်းလေ့ရှိသည်ဟုလည်း သိရသည်။

ယင်းပေ့ချ်နှင့်နီးစပ်သူအသက် ၂၀ အရွယ် လူငယ်တစ်ဦးက ”မနေ့ထဲက ဒလံမှတ်ချက်နဲ့ အမျိုးသမီးဓာတ်ပုံနဲ့ မှတ်ချက်တွေ ဖျက်ချပြီး ဒလံတွေ ဖြစ်နိုင်သူကို ဘလော့လိုက်တယ်ဗျ။ ပေ့ချ်က ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံ ရေး စုံတယ်လေ” ဟု ပြောသည်။

သင်္ကြန်အကျနေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ရှိ စစ်ကောင်စီ၏ ရေကစားမဏ္ဍပ်များတွင် လူစည်ကား ခဲ့သည်ဟု သိရသည်။