ပုလောမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မြို့နယ် ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။
ပုလောမြို့အဝင် တောင်ဝိုင်း ဆီဆိုင်အနီးတွင် USDP ပါတီ ဥက္ကဋ္ဌ တစ်ဦးတည်း ဆိုင်ကယ်စီးလာစဉ် လူအချို့က တားဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေးဆုံးသွားသည် ဟု မြို့ခံအချို့က ပြောသည်။
“ဘယ်နှစ်ချက် ပစ်ခံရတာလဲတော့ မသိဘူး။ စစ်အာဏာသိမ်းပြီးထဲက သတင်းပေးအကြီးစား ဒလန်တစ် ယောက်ပဲ။ သူ့ကြောင့် လူငယ်အများကြီး အဖမ်းခံကြရတာ” ဟု ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူမှာ ပုလောမြို့ USDP ပါတီ၏ ဥက္ကဋ္ဌ ဦးအောင်နေဇာလင်း အသက် ၄၅ နှစ်အရွယ် ရှိသူ ဖြစ်သည်။
ဦးအောင်နေဇာလင်းသည် ကျူရှင်ဆရာတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် USDP ပါတီ၏ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်လည်း ဖြစ်သည်ဟု သိရသည်။
သေနတ်အပစ်ခံရသူ ဦးအောင်နေဇာလင်း၏ အလောင်းကို အမှတ် ၁ ရပ်ကွက်က နေအိမ်တွင်ထားရှိကာ စစ် ကောင်စီတပ်ဖွဲ့ဝင်များ က လုံခြုံရေးယူပေးထားသည်ဟု ဒေသခံများက ပြောသည်။
ဦးအောင်နေဇာလင်းအား ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကိုမူ လက်ရှိ အချိန်အထိ မသိရှိရသေးပေ။