မြစ်ကြီးနား သင်္ကြန်ရန်ပွဲ သေနတ်ပစ်ဖောက် လူစုခွဲရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။
မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့် လမ်းလျှောက် သင်္ကြန်ရေ ကစားမဏ္ဍပ်တွင် သင်္ကြန်အကြတ်နေ့ (ယမန်နေ့) က ဖြစ်ပွားသည့်ရန်ပွဲကို ရဲကသေနတ်မိုးပေါ်ထောင် ဖောက်ပြီး လူစုခွဲခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
“အဲ့ဒီမှာရန်ဖြစ်တဲ့နှစ်ဖွဲ့ကို ရဲကထိန်းလို့မရလို့ မြို့မရဲစခန်းက နယ်ထိန်းအဖွဲ့တွေက သေနတ်နဲ့မိုးပေါ် ထောင် ပစ် ခတ်ပြီးလူစုခွဲတာပါ” ဟု မျက်မြင်တွေ့ခဲ့သူ တစ်ဦးကပြောသည်။
သင်္ကြန်အကြတ်နေ့၊ ဧပြီလ ၁၅ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်က လမ်းလျှောက် သင်္ကြန်ကျင်းသည့် နေရာ ရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်တွင် လာရောက် ပျော်ပါးသူအဖွဲ့နှစ်ဖွဲ့ ရန်ဖြစ်ကြရာ မြို့မရဲစခန်း အမှတ် ၁ က ရဲ တပ်ဖွဲ့ဝင်များ သေနတ်မိုးထောင်ပစ်ခတ်ပြီး လူစုခွဲလိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
သေနတ် ၄ ချက် မိုးပေါ်ထောင်ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့သော်လည်း လူအများအပြား အထိတ် တလန့် ထွက်ပြေးခဲ့ကြရသဖြင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်ဟု အခင်းဖြစ်ရာအနီးကဈေးသည်အချို့၏ ပြောပြ အရ သိရသည် ။
ဓါတ်ပုံ-ဧပြီလ ၁၅ ရက်နေ့ နေ့လည်က ပြည်သူ့ရင်ပြင်တွင် လာရောက် ရေကစားပျော်ပါးကြသူများ