ဗုံးခွဲမှုဖြင့် ကလေးသုံးဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်။

အသက် ၁၈ နှစ်အောက် ကလေး သုံးဦးကို ဗုံးခွဲမှုဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်ဟု မအူပင်မြို့ခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၅ ရပ်ကွက်၊ တိုးရွှေဝါခန်းမရှေ့ရှိ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဗုံးခွဲသည်ဟုဆိုကာ ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် အခြား အသက် ၁၈ နှစ်အောက် လူငယ်နှစ်ဦး တို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည် ဟု မြို့ခံများက ပြောသည်။

ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ဖမ်းသွားတဲ့ ကလေးတွေက မြို့ပေါ်က မဟုတ်ဘူး။ နယ်ဘက်က ဖြစ်မယ်။ တစ် ယောက်ကတော့ တော်တော်လေးငယ်သေးတယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ CCTV များကို စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိသည့် မှတ်တမ်းအရ ၎င်းတို့ ၃ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူ ၃ ဦးအား တိုးရွှေဝါခန်းမအတွင်းသို့ တွန်းထိုးရိုက်ပုတ်ပြီး စစ်ဆေး ရန် ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆောင်ရွက်သူတစ်ဦးက “အသက် ၁၈ နှစ် မပြည့်သေးရင် ကလေးသူငယ် ဥပဒေနဲ့ အရေးယူရမှာ။ ကလေးသူငယ် အခွင့်အရေးတွေနဲ့ ကာကွယ်ရမှာ။ အခုကတော့ သူတို့ အတွက်မပြောနဲ့ ကိုယ့်အတွက်ကိုတောင် မလုံခြုံဘူး” ဟု ပြောသည်။

ဧပြီလ ၁၅ ရက်နေ့၊ သင်္ကြန်အကြတ်နေ့၊ မွန်းလွှဲပိုင်း သုံးနာရီခွဲကျော် အချိန်ခန့်တွင် ဗဟိုမဏ္ဍပ်အတွင်း ဗုံးပေါက် ကွဲခဲ့သည်ဟု မအူပင် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ညနေပိုင်း အစီအစဥ်များ ပြန်လည်စတင်ရန် အချိန်အနည်းငယ် စောနေသေးသဖြင့် မဏ္ဍပ်စောင့်သည့် စစ်သား တစ်ဦးနှင့် ရဲတစ်ဦးသာရှိနေသည့်အချိန်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မဏ္ဍပ်အနီးနေထိုင်သူ တစ်ဦးက ပြောသည်။

သို့သော် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးဟု မဏ္ဍပ်အနီးနေထိုင်သူက ဆက်ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် မြို့တွင်းရှိလမ်းများကို ပိတ်ဆို့ကာ လမ်းသွားလမ်းလာများအား ရှာဖွေစစ်ဆေးမှုများ တင်း ကြပ်စွာ လုပ်ဆောင်နေရုံသာမကပဲ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အချို့ အရေးပေါ် ထွက်ခွာသွားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အချို့က ပြောသည်။