ဧရာဝတီတိုင်းတွင် မြို့ခြောက်မြို့၌ သင်္ကြန်တွင်း ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ဧရာဝတီတိုင်း အတွင်း၌ သင်္ကြန်ကာလ ဧပြီလ ၁၅ ရက်နေ့ နှင့် ၁၆ ရက်နေ့ တို့တွင် မြို့၆ မြို့ တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သင်္ကြန် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့(ယနေ့) နံနက်ပိုင်းက ဖျာပုံမြို့တွင် ဗဟိုမဏ္ဍပ် နှင့် စည်ပင်သာယာရုံးရှေ့ တွင်လည်းကောင်း၊ မွန်းလွဲပိုင်း ၁ နာရီခွဲ အချိန်ခန့်က ပုသိမ်မြို့ ကမ်းနားလမ်း ဗဟိုမဏ္ဍပ် အနီးရှိ ရေပေါ်ဈေးတွင် လည်းကောင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုသိမ်ရေပေါ်ဈေးရှိ ဈေးသည်တစ်ဦးက “ဈေး စည်ပင် အမှိုက်ပုံးထဲက ထပေါက်တာ။ လူတွေဘာတွေ ထိခိုက် တာတော့မရှိဘူး” ဟု ပြောသည်။

ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးကာ ရေပေါ်ဈေးအနီး တွင် တပ်ဆင်ထားသည့် CCTV များကို ဖြုတ်သိမ်းသွားသည်ဟု အဆိုပါ စျေးသည်က ပြောသည်။

ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့က မအူပင်မြို့ ဗဟိုမဏ္ဍပ်၊ ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ်၊ မော်လမြိုင် ကျွန်းမြို့ ဗဟိုမဏ္ဍပ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောင်းကုန်းမြို့ရှိ ဗဟိုမဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ ၄ ဦး ရှိခဲ့သော်လည်း အသက်အန္တာရယ် စိုးရိမ် စရာမရှိ ဟု ကျောင်းကုန်းဆေးရုံ ဝန်ထမ်းအချို့၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ဧပြီလ ၁၅ ရက်နေ့၊ ည ၈ နာရီခွဲဝန်းကျင် အချိန်ခန့်က ဟင်္သာတမြို့တွင် နိဗ္ဗာန်တိုက်နယ် စည်တော် ကုန်းကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်လည်း ဗုံးဖောက်ခွဲခံလိုက်ရသည်ဟု ဒေသခံများက ဆိုသည်။

ဖျာပုံ ဧရာဗေဒါတပ်ဖွဲ့နှင့် The Sacrifice Defence Of Pyapon တပ်ဖွဲ့တို့က နှစ်ဖွဲ့ပူးပေါင်း၍ ဖျာပုံမြို့တွင် သင်္ကြန် ကာလအတွင်း ဖောက်ခွဲမှုများကို လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီ၏ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက် သွားမည်ဟု ထုတ်ပြန်ထားသည်။

“သင်္ကြန်တွင်းမှာလည်း ဗုံးတွေပေါက်တာတော့ရှိတယ်။ စစ်သားတွေ ရဲတွေ သေတာမျိုး မရှိဘူး” ဟု ဖျာပုံ ဒေသခံ အမျိုးသမီး တစ်ဦး က ပြောသည်။

ဧရာဝတီတိုင်းတွင် သင်္ကြန်မကျမှီ ဧပြီလ ၁၂ ရက်နေ့ကလည်း ဟင်္သာတမြို့ ဗဟို သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက် ကွဲခဲ့သေးသည်။

ထို့နောက် ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ည ၆နာရီခွဲဝန်းကျင် အချိန်ကလည်း ပုသိမ်မြို့၊ အမှတ် (၇) ရပ် ကွက် ကျောက်ငူ ကမ်းနားလမ်းရှိ ပိုလန်ဂိုထောင်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။

ဓါတ်ပုံ – ကျောင်းကုန်းမြို့ ဗဟိုမဏ္ဍပ် ပေါက်ကွဲမှု မဖြစ်မှီက တွေ့ရစဥ်