ကျိုက်ထိုတွင် ပြည်ခိုင်ဖြိုး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကြံ့ခိုင်ရေးပါတီဝင် ဦးခင်လှ သေနတ်ဖြင့် ပစ် သတ်ခံလိုက်ရသည်ဟု သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်သည့် တောင်သူစုရပ်ကွက်၊ သမလပိုင်းနေ ဦးခင်လှသည် ၎င်းနေအိမ်ရှေ့ သကြင်္န်မဏ္ဍပ်တွင် ရှိနေစဉ် ပစ်ခတ်ခံခဲ့ရသည်။

”သူ့နေအိမ်ရှေ့ မဏ္ဍပ်မှာ အပစ်ခံရတယ်။ အဲနေရာမှာပဲ သေဆုံးသွားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခင်လှသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားသည်။

စစ်ကောင်စီအားပေး ဦးခင်လှကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် အနီးနားရှိ အမျိုးသမီးတစ်ဦးလည်း ပေါင်တွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး လူငယ် တစ်ဦးလည်း နဖူးတွင် ကျည်ထိဒဏ်ရာရရှိခဲ့သည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) ကတော့ ပစ်ကွင်းမရှင်းလင်း၍ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသွားသူ များ အတွက် များစွာစိတ်မကောင်းဖြစ်မိပြီး အနူးအညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ အားပေးသူများနှင့် အနီးကပ်နေထိုင်သွားလာခြင်း လုံဝ (လုံးဝ) မပြုလုပ်ကြရန်လည်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က မေတ္တာရပ်ခံစာ ထုတ်ပြန်ထားသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF အနေနှင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည် ဖြစ်ပြီး စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။