မွန်-ကရင် ပြည်နယ်ကြားရှိ တံတားဂိတ် ပစ်ခံရ။ လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦး သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်း ယနေ့နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၆ နာရီဝန်းကျင် အချိန်ခန့်က ချောင်းနှစ်ခွတံတားထိပ်တွင် စခန်းချ လုံခြုံရေးယူနေ သည့် BGF ဂိတ်စခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရ ရှိ သွားသည်။

ချောင်းနှစ်ခွဒေသခံတစ်ဦးက ”တံတားမှာ လုံခြုံရေးယူထားတဲ့ BGF ဂိတ်စခန်း ပစ်ခတ်ခံရတယ်။ အဲ့မှာရှိနေတဲ့ BGF တပ်ဖွဲ့ဝင် ၅ ဦးကတော့ သေသွားတယ်။ တစ်ဦးကတော့ ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

ချောင်းနှစ်ခွတံတား ဂိတ်စခန်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားကို ဖြတ်သန်းသွားလာခွင့်မပြုပဲ ပိတ်ထား လိုက်သည်ဟုလည်း ဒေသခံများက ပြောသည်။

“လက်ရှိကတော့ တံတားကို ပိတ်ထားလိုက်တယ်။ လုံခြုံရေးတွေလည်း တင်းကြပ်ထားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်တို့ကို ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်သည်။

မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ချောင်းနှစ်ခွတံတားရှိ ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တံတားတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာသည်ဟု ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ က ပြောသည်။