ဖားကန့်တွင် ဈေးဝယ်ထွက်သည့် စစ်ကားတစ်စီးကို မိုင်းခွဲ တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၆ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်တွင် နံနက်ဈေးဝယ်ထွက်သည့် စစ်ကောင်စီ၏ ကားတစ်စင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည့် အဆိုပါ စစ်ကောင်စီတပ်သားများသည် တပ်မ ၃၃ လက်အောက်ခံ၊ ခလရ ၁၄ မှ ဖြစ် ပြီး ကားလည်းပျက်စီးသွားကာ တပ်သားတစ်ဦး လည်ပင်းနှင့်ပါးပြင်တို့တွင် ဒဏ်ရာ ရရှိသွားသည်ဟု နမ့်ယား ဒေသခံ ပြည်သူတစ်ဦး က ပြောသည်။
“ကျနော်သိရသလောက်တော့ တပ်တွေက ဈေးသွားဝယ်တာ ဈေးကွဲပြီးနောက်ပိုင်းမှာ အပြန်ကျမှ ခွဲခံရတာ ဖြစ် တယ်။ ကားကတော့ အကုန်ပျက်စီးသွားတယ်။ သူတို့ အမြဲတမ်းသုံးနေတဲ့ တပ်ထဲက ကားပဲ ပါဂျဲရိုး အစိမ်း ရောင်။ နောက်ထပ် ကားပေါ်မှာပါတဲ့ ရဲဘော်တစ်ယောက် ထိသွားတယ်။ အဲဒီမှာသုံးယောက်၊ သုံးယောက်ထဲမှာ တစ်ယောက်ထိသွားတယ်။ လည်ပင်းနှင့် ပါးတစ်ဖက်နည်းနည်းထိသွားတယ်။”
ဧပြီလ ၁၅ ရက်နေ့၊ နံနက်ခင်း ၇ နာရီခွဲ အချိန်ခန့်က စစ်တပ်ပိုင်ကားဖြစ်သည့် ပါဂျဲရိုးကားနှင့် စစ်ကောင်စီ တပ် သား ၃ ဦး ဈေးဝယ်ပြီး အပြန် နမ့်ယားကျေးရွာတွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
မိုင်းခွဲတိုက်ခိုက် ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နမ့်ယားကျေးရွာပြင်ဘက်သို့ လက်နက်ကြီးဖြင့် လေး ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။
မည်သည့်အဖွဲ့အစည်းက မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းကို မသိရှိရသေး ဟု ဒေသခံပြည်သူတစ်ဦးက ဆက်ပြောသည်။
“အဲဒါတော့ ကျနော်တို့ အကုန်လုံးကလည်း ဘယ်သူမှ ဘယ်သူဘယ်ဝါဆိုတာကို ဒီနေ့ထိ ဇဝေဇဝါ ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့လည်း အံ့ဩနေတာပေါ့။ ရွာထဲမှာလည်း တစ်ခါမှ မဖြစ်ဖူးတဲ့ဟာ ပြန်ဖြစ်လာတော့ သင်္ကြန်ကာလလည်း ဖြစ်ဆိုတော့ စဉ်းစားရခက်တာပေါ့။”
နမ့်ယားကျေးရွာတွင် ၂၀၁၃ ခုနှစ် အချိန်ခန့်မှစတင်၍ ရပ်ရွာအတွင်း မိုင်းခွဲပစ်ခတ်ခံရမှု တစ်ကြိမ်တစ်ခါမှ ရှိခဲ့ပဲ နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ ကာလအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆို သည်။
ဒေသခံတစ်ဦး က “အရင်တုန်းက ကျနော်တို့ ရှိနေတဲ့ကာလမှာတော့ တိုက်ခိုက်တာတော့ ဒီလိုဖြစ်လာတာ တစ် ခါမှ မကြုံဖူးဘူး။ အခုလိုဘဲ KIA စစ်ပွဲတုန်းကတော့ ဂိတ်ထိုင်တုန်း စစ်ကြောင်းတွေ ဘာတွေထိုင်၊ ဝင်လိုက် ထွက်လိုက် အဲ့လိုဘဲ။ အဲဒီအခါတုန်းကတော့ ရှိတယ်။ အခုချိန်ခါကောင်းနေတဲ့အခါတော့ တော်တော်ကြာပြီ။ ဒါ ပထမဦးဆုံး အကြိမ်ဘဲ” ဟု ပြောသည်။
မိုင်းခွဲခံရပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရပ်မိရပ်ဖများကို ခေါ်ယူတွေ့ဆုံကာ ရပ်ရွာအေးချမ်းသာယာ ရေး အတွက် ပူးပေါင်းတာဝန်ယူပေးရန် ပြောဆိုမှုများ ရှိခဲ့သည်ဟု သိရသည်။
နမ့်ယားကျေးရွာသည် လူဦးရေ ၅၀၀၀ ကျော်ရှိပြီး ကချင်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည့် ကျေးရွာကြီး တစ်ရွာဖြစ်သည်။
အဆိုပါ နမ့်ယားကျေးရွာသည် မြစ်ကြီးနား-ဖားကန့် သွား လမ်းပေါ်တွင် ရှိပြီး ခရီးသွားပြည်သူများ ထမင်းစား ကားရပ်နားသည့် နေရာလည်း ဖြစ်သည်။