ငပုတောတွင် ပျူစောထီးခေါင်းဆောင်တစ်ဦးအား ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်။

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း စစ်နယ်မြေ အတွင်းရှိ ကျေးရွာအုပ် ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင် တစ်ဦး အိမ်ပေါ်တက် ပစ်သတ်ခံလိုက်ရသည်။

ဧပြီလ ၁၉ ရက်နေ့ (ယမန်နေ့)၊ ည ၉နာရီ အချိန်ဝန်းကျင်က ဟိုင်းကြီးကျွန်း စစ်နယ်မြေ အတွင်းရှိ အသက် ၃၉ နှစ် အရွယ်ရှိ ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအား အမည်မသိလူ ၄ ဦးက အိမ်ပေါ်တက်၍ ပစ်ခတ် ကာ အေးအေးဆေးဆေး ပြန်ထွက်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကိုဇော်ထွန်း အိမ်ပေါ် က သေနတ်သံ ၆ ချက် ၇ချက် လောက်ကြားရတယ်။ ကျည် ၄ ချက်ထိပြီး ပွဲချင်းသေ သွားတယ်” ဟု တစ်ရွာတည်းနေ ဒေသခံတစ်ဦး က ပြောသည်။

နားထင်တွင်တစ်ချက်၊ ဗိုက်တွင် တစ်ချက်၊ လက်မောင်းတွင် နှစ်ချက် သေနတ်ကျည်ထိမှန်ကာ သေဆုံးသွား ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ဦးဇော်ထွန်း က ယခင်အစိုးရလက်ထက်တွင် ကျေးရွာအုပ်ချုပ်ရေးပိုင်းတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး အဖြစ် လုပ် ဆောင်ခဲ့ပြီး ယခု စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း ပျူစောထီး အဖွဲ့ခေါင်းဆောင် ဖြစ်လာသည်ဟု ငါးပြေမကျေးရွာက ဒေသခံများက ပြောသည်။

ငါးပြေမရွာခံ တစ်ဦးက “ဇော်ထွန်းက သစ်၊ ဝါး ခုတ်တဲ့သူတွေ မီးသွေးဖုတ်တဲ့သူတွေ နှစ်လုံးဒိုင် ချဲဒိုင်တွေဆီက ဟိုင်းကြီးကျွန်းက စစ်တပ်အတွက် လိုင်းကြေး(ဆက်ကြေး) ကောက်ပေးနေတာ” ဟု ပြောသည်။

ပုသိမ်အနောက် တော်လှန်ရေးတပ်ဖွဲ့ Pathein Western Defence Force (PWDF) က ယင်းပစ်ခတ်မှုကို တော် လှန်ရေး မဟာမိတ် အဖွဲ့များဖြစ်သည့် ပုသိမ် အနောက်ပိုင်း ကာကွယ်ရေး တပ်ဖွဲ့ Pathein Western Defence Force (P.W.D.F)၊ ကမ်းခြေ ကာကွယ်ရေး တပ်ဖွဲ့ Beach Defence Force (BDF)၊ ဆင်ရိုင်း ပျောက်ကြား တပ်ဖွဲ့ SinYine Guerilla Force (SGD)၊ နှင့် အနောက်ဖက် ကမ်းခြေ ကာကွယ်ရေး တပ်ဖွဲ့ West Coast Defence Force (WCDF)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်ဟု ထုတ်ပြန်သည်။

ကျေးရွာနေပြည်သူများကို ဒုက္ခ အမျိုးမျိုးပေးကာ ခြိမ်းခြောက်ငွေညှစ်၍ စစ်ကောင်စီတပ်အား ငွေရှာပေးနေ ခြင်း၊ တော်လှန်ရေးအား ပုံဖျက်သည့် လောင်းကစားဝိုင်းများစွာ ဖန်တီးခြင်း၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို သတင်းပေး ခြင်းတို့ကြောင့် ယခုကဲ့သို့ ရှင်းလင်း သုတ်သင်လိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပစ်ခတ်မှု ဖြစ်ပွားဖြစ်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျူံကူးကျေးရွာအဝင်လမ်း၊ ဟိုင်းကြီးကျွန်းတံတား၊ ငရုတ်ကောင်းမြို့အဝင်၊ ငပုတောမြို့အဝင်၊ ပုသိမ်-မော်တင်ကားလမ်းရှိ ငါးပြေမတောင်လမ်းနှင့် ကျောက်ချောင်း မြစ်တစ်လျှောက်တို့တွင် ပိတ်ဆို့ကာ ပိုက်စိတ်တိုက် စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေ သခံများထံ မှ သိရသည်။