တနင်္သာရီမြို့နယ်အတွင်း ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ဘက်မှ တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်။

တနင်္သာရီမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ၃ နာရီခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများနှင့် PDF အဖွဲ့ တာဝန်ရှိသူ များက အတည်ပြုပြောသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာ လှေဆိပ်တွင် ဧပြီ ၂၀ ရက်နေ့က ဆက်ကြေးကောက်နေသည့် စစ် ကောင်စီတပ်သားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် က တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ရွာသားများက ပြောသည်။

“ချောင်း ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း နှစ်ဘက် အပြန်အလှန်ပစ်နေကြတာ ဆူညံနေတယ်။ စစ်တပ်က လက် နက်ကြီးနဲ့လည်း ပစ်တယ်။ သိန္ဓောတဘက်ကမ်းက ဘန်းပြည့် အနောက်ကမ်းရွာက မင်္ဂလာဆောင်ပွဲတောင် ပျက်သွားတယ်။ ကြောက်ပြီး ပြေးကြတာ” ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြော သည်။

စစ်ကောင်စီ တပ်သားနှစ်ဦးကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထိုနေ့၊ နံနက် ၉ နာရီခွဲ အချိန်ခန့်တွင် စတင် ၍ ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး နှစ်ဘက် အပြန်အလှန် ပစ်ခတ်ကာ မွန်း လွဲ ၁၂ နာရီ အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့သည်။

သို့သော် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘူးဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်သားတစ်ဦးကျဆုံးသည်ဟု သိရှိရသော်လည်း နှစ်ဘက်ထိခိုက်ကျဆုံးမှုစာရင်း အတိအကျကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်း အတည်ပြုနေဆဲ ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့ကလည်း သိန္ဓောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ အကြား ၃ နာရီခန့် အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု ရွာသားများကပြောသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက် ရွာသားအများစုက မြိတ်၊ တနင်္သာရီနှင့် အခြားဘေးလွတ်ရာများသို့ တိမ်းရှောင်နေကြပြီး ကျေးရွာအတွင်းနေထိုင်သူ အနည်းငယ်သာ ကျန်ရှိတော့သည်ဟု သိရသည်။

သိန္ဓောကျေးရွာနှင့် အနီးတဝိုက်က တကူ၊ သရဘွင် စသည့် ကျေးရွာအုပ်စုများအတွင်း PDFများရှိနေသည်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ (ယခုလ) ၅ ရက်နေ့ ကတည်းက ဆန်နှင့်ဆီ အပြင် အခြားသော စားနပ်ရိက္ခာ ပစ္စည်းများ တင်ပို့မှု ဖြတ်တောက်ထားသည်ဟု သိရသည်။

ထို့သို့ တင်ပို့ သယ်ယူမှုကို ဖြတ်တောက်ပိတ်ပင်ထားသည့်အတွက် ဒေသခံရွာသားများ အခက်အခဲများ ဖြစ်နေ ကြရသည်ဟု ဆိုသည်။