တရားသူကြီးများအား အမှတ်မထင် ဖမ်းဆီးမိခြင်းဖြစ်ကြောင်း TNLA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တရားသူကြီး ၃ ဦးအပါအဝင် လူ ၉ ဦးကို နယ်မြေစိုးမိုးရေး လုပ်နေစဉ် အမှတ်မထင် ဖမ်းဆီးမိခြင်းဖြစ်သည်ဟု TNLA ပြန်ကြားရေး တာဝန်ခံ က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း PSLF/TNLA အဖွဲ့က တရားသူကြီး ၃ ဦး အပါဝင် စုစုပေါင်း ၉ ဦးအား နယ်မြေစိုးမိုးရေး လုပ်ဆောင်နေစဉ် ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု TNLA က ပြော သည်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “ဖမ်းထားတာတော့ မှန်တယ်။ အားလုံးပေါင်း ၉ ယောက်ဖြစ်တယ်။ ဘာဆက်လုပ်မယ် ဆို တာတော့ အထက်က ဘာမှလဲ မပြောသေးတော့ မသိရသေးဘူး။ အဓိကတော့ ကျနော်တို့ နယ်မြေစိုးမိုးရေး လုပ်နေတဲ့အချိန်မှာ သူ တို့ကို တွေ့တဲ့အချိန် မေးမြန်းစရာရှိလို့ ထိန်းသိမ်းထားတာဖြစ်တယ်။ သူတို့ လုံလုံခြုံခြုံ ရှိတယ်။ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်” ဟု ပြောသည်။
တရားသူကြီးများနှင့် တရားရေး ဝန်ထမ်းများ နမ့်ဆန်မြို့သို့အသွား တောင်မ ကျေးရွာအနီးတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု TNLA က ပြောသည်။
၎င်းတို့အား စစ်ဆေးမေးမြန်းစရာများရှိ၍ ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်းနှင့် အားလုံး လုံခြုံစွာရှိနေသည်ဟု ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနကို အတည်ပြုပြောသည်။
“ဟုတ်ကဲ့ ဒီ ၁၉ ရက်နေ့က နေ့လည် ၁၁ နာရီလောက် ဖြစ်တယ်။ ဒီ နမ့်ဆန် ကျောက်မဲ လမ်းမပေါ်မှာ ဒီနမ့်ဆန် နဲ့နီးတယ်။ နမ့်ဆန်မြို့နယ်ထဲမှာ အဲ့ဒီမှာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ ကားတစ်စီး ပေါ်မှာ စစ်ဆေးမိတဲ့အခါကြတော့ ဒီ ကျောက်မဲခရိုင်က တရားသူကြီးဖြစ်တယ်။ နောက် နမ့်ဆန်မြို့နယ် တရား သူကြီးရယ်၊ မန်တုံမြို့နယ် တရားသူကြီး၊ နောက် နမ့်ဆန်မြို့က ဥပဒေ အရာရှိရယ် ကျန် တဲ့ရုံးဝန်ထမ်းတွေ ကား တစ်စီးပေါ်မှာ ပါလာသေးတယ်။ မေးမြန်းစရာရှိလို့ ခေတ္တ ထိန်းသိမ်းထားတာ ဖြစ် တယ်” ဟု ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ ကျောက်မဲခရိုင် တရားသူကြီး ဦးမောင်မောင်အေး နှင့် ဇနီးဖြစ်သူ ဒေါ်ခင်ဌေးရီ၊ နမ့်ဆန် တရားသူကြီး ဦးကောင်းဘုန်းနိုင်၊ မန်တုံ ဦးဇော်ဇော်ထက်၊ နမ့်ဆန်မြို့က ဥပဒေအရာရှိ ဦးမျိုးထက်ဇော်၊ ရှေ့နေ ဦးဝင်းမြင့်အောင်၊ ရှေ့နေ မဝင်းစံပယ်ဦး၊ နမ့်ဆန်မြို့နယ် ဦးစီးရုံးစာရေး နှင့် အငယ်တန်းစာရေး ဦးဝေပိုင် ဖြိုးတို့ ဖြစ်ကြသည်။
ကနဦးသတင်းများထွက်ပေါ်နေသကဲ့သို့ တိုင်ကြားမှုများရှိ၍ ဖမ်းဆီးထားခြင်းမျိုး မဟုတ်ဘူးဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ဖမ်းဆီးခံထားရသည့် တရားသူကြီးများနှင့် အဖွဲ့ ပြန်လွတ်မြောက်ရေး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အပါအဝင် တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများရှိနေသည်ဟု ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ဒေသအတွင်း သတင်းမီဒီယာများတွင် ပြောဆိုထားသည်။