မြစ်ကြီးနား ရဲစခန်း အနီး ပစ်ခတ်သံများကြားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ပလနရဲစခန်းအနီးတွင် ဧပြီလ ၂၁ ရက်နေ့ (ယနေ့) ည ၈ နာရီအချိန်ခန့်က ပစ် ခတ်မှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
မြစ်ကြီးနားမြို့ ပလန အမှတ် ၃ ရဲစခန်းအနီးတဝိုက်မှ ပစ်ခတ်သံများ ဆက်တိုက်ကြားရခြင်း ဖြစ်သည်ဟု ပလန ဒေသခံတစ်ဦး က ပြောသည်။
“ကြားရတယ်။ ဆက်တိုက်ပဲ။ တိုက်ပွဲဖြစ်တာလား ဘာလားတော့ မသိဘူးနော်။ ဆက်တိုက် သေနတ်သံတွေ ကြားနေရတာဟုတ်တယ်။ ဒီရဲစခန်းနားက ခနခနပဲ။ တချို့လည်း စိုးရိမ်ကြတယ်။ ကျနော်တို့တော့ သိပ် မစိုး ရိမ်ပါဘူး။ ဒီလိုပါပဲ” ဟု ပလန ဒေသခံတစ်ဦး က ပြောသည်။
နာရီဝက်နီးပါးခန့်ကြာအောင် သေနတ်သံများ ရဲစခန်းဘက်မှ ကြားခဲ့ရသည်ဟု ပလန ဒေသခံများက ဆိုသည်။
ပလန ဒေသခံအမျိုးသမီးတစ်ဦးကလည်း “ရဲစခန်းရှေ့မှာ လူဖြတ်လာတာကို ရဲစခန်းထဲကနေ ပစ်တဲ့ သဘော ပါ။ အဲ့မှာ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဘယ်သူ့ကို ပစ်တယ်ဆိုတာတော့ တိတိကျကျ မသိဘူးနော်။ ပစ်သံ တွေကတော့ တော်တော်လေးကြား လိုက်ရတယ်” ဟု ပြောသည်။
သေနတ်ဖြင့် ဆက်တိုက်ကြားခဲ့သည့်အပြင် လက်နက်ကြီးသံလည်း ၄ ချက် ကြားခဲ့ရသည်ဟု သိရသည်။
အဆိုပါ ရဲစခန်းမှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲဝန်းထမ်းသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ယခု သေနတ်သံ လက်နက်ကြီးသံများ ကြားရသည့် အမှတ် ၃ ရဲစခန်းသည် မြစ်ကြီးနား-မြစ်ဆုံသွားသည့် လမ်းပေါ်တွင် တည်ရှိသည်။ အဆိုပါ ရဲစခန်းရှေ့မှ ည ၇ နာရီအချိန်မှ စတင်၍ မည်သူကိုမှ ဖြတ်သန်းသွား လာခွင့်မပေးဘူး ဟု သိရသည်။
ဓါတ်ပုံ – CJ