ဟုမ္မလင်းနှင့် ခန္တီးတွင် အင်တာနက်ပြန်သုံးနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်။
သင်္ကြန်ပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့တို့တွင် အင်တာနက်လိုင်းများ ပြန်ရနေသည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ အဆိုပါ မြို့နှစ်မြို့တွင် MPT နှင့် Ooredoo Sim Card များအား အင်တာနက်လိုင်း ပြန်လည်အသုံးပြု၍ ရနေသည်ဟု ဟုမ္မလင်း ဒေသခံတစ်ဦးက ပြောသည်။
“သိပ်မကြာသေးဘူးဗျ အင်တာနက်လိုင်းတွေ ပြန်ရတာက။ သင်္ကြန်ပြီးနောက်ပိုင်းပါ။ ၁၇ ရက်နေ့က စသုံး လို့ရတာပဲ။ MPT နဲ့ အူရီဒူးကနေ လိုင်းတွေပြန်ရနေတာပါ။ တခြား လိုင်းတွေကတော့ မရသေးပါဘူး ခင်ဗျ” ဟု ဟုမ္မ လင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဟုမ္မလင်း၊ ခန္တီးမြို့တို့အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့နယ်ပေါင်း ၂၃ မြို့နယ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ စတင်၍ စစ်ကောင်စီက မိုဘိုင်းလ်အင်တာနက်လိုင်း အမြန်နှုန်းကို 4G ကနေ 2G အထိ လျှော့ချခဲ့သည်။
MPTနှင့် Ooredoo အော်ပရေတာ နှစ်ခုမှ အင်တာနက် ပြန်သုံးနိုင်သော်လည်း Mytel နှင့် Telenor ဖုန်းအော်ပရေတာ နှစ်ခုကို အင်တာနက်လိုင်းများ သုံး၍ မရသေးဘူးဟု သိရသည်။
မတ်လ ၃ ရက်နေ့မှ စတင်၍ အရပ်သားပြည်သူများ ပူးပေါင်းပါဝင်သည့် လက်နက်ကိုင်ခုခံမှု အများဆုံးတိုင်း ဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်း၊ ခန္တီးစသည့် မြို့များအပါအဝင် မြို့နယ် ၂၃ မြို့ကို တစ်လကျော် အကြာ မိုဘိုင်းလ်အင်တာနက်လိုင်း အမြန်နှုန်းကို 4G မှ 2G အထိ လျှော့ချလိုက်ပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အင်တာနက်လိုင်းလျှော့ချခံလိုက်ရသည့် မြို့များမှာ စစ်ကိုင်းတိုင်းထဲက ဟုမ္မလင်း၊ ခန္တီး၊ ချောင်းဦး၊ ဆားလင်း ကြီး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ ဗန်းမောက်၊ အင်းတော်၊ ဖောင်းပြင်၊ ကျွန်းလှ၊ လဟယ် စသည့် မြို့နယ်များ ဖြစ်ကြသည်။
အဆိုပါမြို့နယ်များအနက် သင်္ကြန်ပြီးနောက် ဧပြီလ ၁၇ ရက်နေ့ အင်တာနက်လိုင်း ပုံမှန်သုံးခွင့်ရနေသည့်မြို့မှာ ဟုမ္မလင်းနှင့် ခန္တီးမြို့နှစ်မြို့သာဖြစ်ပြီး ကျန်မြို့နယ်များတွင် ယခင်ကအတိုင်း မိုဘိုင်းလ်အင်တာနက်လိုင်း အမြန်နှုန်းကို 4G မှ 2G အထိ လျှော့ချခံထားရဆဲ ဖြစ်သည်။
ထို့အပြင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၅ မြို့နယ်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ဝန်းသို၊ ဘုတ လင်၊ ပင်လည်ဘူး၊ ကောလင်းမြို့စသည့်မြို့များကို ပြီးခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကတည်းက အင် တာနက်လိုင်းများကို ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။
ဓါတ်ပုံ – CJ