ကချင်စစ်ရှောင် ၂၀၀ ခန့် ကိုယ့် အစီအစဉ်ဖြင့်ကိုယ် နေရပ် ပြန်ကြမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင်နေကြရသည့် စစ် ရှောင်ပြည်သူ ၂၀၀ ကျော် ဧပြီလကုန်ပိုင်းတွင် နေရပ်ကို ပြန်ရန်စီစဉ်ထားသည်ဟု သိရသည်။
ဧပြီလကုန်ပိုင်းတွင် နေရပ်ပြန်ကြမည့်သူများမှာ KIO ထိန်းချုပ်နယ်မြေရှိ မဂါးယန်၊ ခေါ်ရှောင်၊ ရှအစ်ယန်၊ လိုင် စင် (ပါဂျောင်)၊ ဝေကြိုင်၊ ဂျေယန့်၊ ဖွန်လွမ်ယန်စသည့် မြန်မာ-တရုတ် နယ်စပ်၊ KIO ထိန်းချုပ် နယ်မြေအတွင်း ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ကျေးရွာမှ နေရပ်စွန့်ခွာထွက်ပြေးလာသူများ ဖြစ်ကြသည်။
ဂါးရာယန်ကျေးရွာက ကိုတူးဆန်အောင် က “အခု ဧပြီကုန်ခါနီးလောက်ဆိုရင်တော့ ကျန်တဲ့မိသားစုတွေပေါ့။ သားသမီးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေပေါ့။ သူတို့နဲ့ ပစ္စည်းတွေနဲ့ ပြန်ဖို့ အစီအစဉ်ရှိတယ်။ လူဦးရေ အယောက် ၂၀၀ လောက်ရှိတယ်။ အခုပြန်ဆင်းလာမည့် လူဦးရေတွေပေါ့” ဟု ပြောသည်။
ယခု KIO ပညာရေးဝန်ကြီးဌာနက ကျင်းပနေသည့် ၁၀ တန်း စာမေးပွဲ ဖြေပြီးချိန်တွင် နေရပ်ပြန်ရန် စီစဉ်ထား သည်ဟု စစ်ရှောင်များက ဆိုသည်။
နေရပ်ပြန်ရန် စီစဉ်နေကြသည့် စစ်ရှောင်များသည် ဒုက္ခသည်စခန်းများတွင် ကြုံနေရသည့် အခက်အခဲများအပြင် ၎င်းတို့၏ မူလနေရပ်ရင်းကျေးရွာက မြေယာများ၊ စိုက်ပျိုးမြေများအပြင် အိမ်များပါ ဆုံးရှုံးလာနေရသည့် အတွက် အခက်အခဲအမျိုးမျိုးကြားမှ နေရပ်ပြန်ရန် ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု သိရသည်။
ဂါးရာယန်ကျေးရွာက စစ်ဘေးရှောင်း ဦးလွမ်းဇောင်းက “အကြီးမားဆုံး အခက်အခဲကတော့ ကျနော်တို့ရဲ့ အိမ် ရော၊ အိမ်တွေ မက သစ်ရော၊ တန်ဖိုးရှိတဲ့ဟာရော၊ မရှိတဲ့ဟာရော၊ နေ့ရော၊ ညပါ မြစ်ချောင်းအင်းအိုင်ကို ဖျက်တာတို့၊ လုတာတို့၊ ခိုးတာတို့ အမျိုးမျိုးပေါ့။ တချို့တွေဆို ပြတင်းပေါက်တို့ ခွာယူတယ်၊ သွပ်ခွာယူတယ်၊ လှေကား အစုံပေါ့ အဲလိုမျိုးတွေ ဖြုတ်ယူ။ တဖြည်းဖြည်း နဲ့ ကုန်လာမယ့် အခြေအနေတွေ ရောက်လာတဲ့ အခါ ကျတော့ မြစ်ချောင်းအင်းအိုင်တွေရော။ ပြောရမယ်ဆိုရင်တော့ သူများတွေကတော့ ဝင်လို့ရတယ်။ ကျနော်တို့ က ဘာလို့ဝင်လို့မရဘူးလဲ ဖြစ်လာတယ်။ စိတ်ဓာတ်တွေကလည်း ကျလာတယ်။ အဲဒါနဲ့ မထူးဘူးကွာ။ ကိုယ့် နေရာ ကိုယ့်အိမ်မှာဘဲ ကာကွယ်ရင်းနဲ့ ကျနော်တို့ ကြိုးစားပြီးနေရအောင်ဆိုတဲ့ အဓိကအချက်က တစ်က အဲဒါ” ဟု ပြောသည်။
အဆိုပါ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်မည့်ကိစ္စမှာ မည်သည့်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ ကူညီပေး ခြင်း၊ ပြန်လည်နေရချထားရေးအတွက် စီစဉ်ပေးခြင်း၊ ထောက်ပံ့ပေးခြင်း များမရှိပဲ ၎င်းတို့၏ ဆုံးဖြတ်ချက် အရ သာ နေရပ်ပြန်ကြခြင်း ဖြစ်သည်ဟု စစ်ရှောင်များက ပြောသည်။
ထိုစစ်ဘေးရှောင်များ နေရပ်ပြန်ရေး နှစ်ဖက်တာဝန်ရှိသူများအား ယခင်ကတည်းက အကြောင်းထားပြီး ဖြစ် သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန် က ပြောသည်။
“ဒါသူတို့ကတော့ အရင်တုန်းက စာရင်းထဲမှာပါတော့ ဒါလုပ်ငန်းလက်ကျန်အနေနဲ့ လုပ်ဖို့ရှိတယ်။ သူတို့က အစိမ်းသက်သက် မဟုတ်တော့ဘူး။ ဂါရာယန်တို့၊ ကစူးတို့က၊ နမ်ဆန်ယန်တို့က။ နဂိုလုပ်ဆောင်နေတဲ့ Process ကို ကျနော်တို့က ဆက်လက်ဖြည့်စွက်တာဘဲ။ အခုကျနော်ပြောတဲ့ရွာတွေကတော့ အရင်တုန်းက ကျနော်တို့ ပြန်ဖို့ စာရင်းထဲမှာပါတဲ့ ရွာတွေကို ကျနော်တို့ သက်ဆိုင်ရာ အခုလက်ရှိဝန်ကြီးချုပ်နဲ့ စစ်တပ်တိုင်း မှူးတွေနဲ့ ကျနော်တို့ အကြောင်းကြားပြီးမှ သူတို့ကို ခွင့်တောင်းစရာ မလိုတော့ဘူး။ သူတို့ကို အကြောင်းကြား ပြီးမှ ကျနော်တို့ တရားဝင်ပြန်ပို့ပြီးမှ အဲမှာဆုတောင်းပွဲတွေ လုပ်ပြီးမှ သူတို့ကို လုံခြုံမှု ဝိုင်းရံတဲ့သဘောပဲ။”
သို့သော် မည်သည့် အစိုးရ အဖွဲ့အစည်း၊ လက်နက်ကိုင်များကမှ နေရပ်ပြန်ကြမည့် စစ်ရှောင်များအတွက် လုံခြုံရေးနှင့်ပတ်သက်၍လည်း အာမခံမှု မပေးထားဘူးဟု ဆိုသည်။
“လုံခြုံရေးတော့ ဟိုဟာပေါ့။ ကျနော်တို့ကတော့ ရွာ IDPs တော့ ပြောကြတာပေါ့။ လုံခြုံစွာနေရပ်ပြန်ရေးတို့၊ Safe Return တို့၊ Dignity Return တို့ဆိုတာကတော့ ဟိုကျနော်တို့ မြို့ထဲမှာတောင် လုံခြုံမှုမရှိတဲ့ အချိန်မှာ ရွာ မှာတော့ ကျနော်တို့တော့ ဘာအာမခံချက်တို့တော့ မပေးနိုင်ဘူးပေါ့။ ဒါမိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်တဲ့ အပေါ်မှာ ဘဲ ကျနော်တို့လုပ်ဆောင်ခြင်းဖြစ်တာပေါ့” ဟု သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန် က ပြောသည်။
မြေမြုပ်မိုင်းအန္တရာယ်အတွက် မိုင်းရှင်းလင်းရေးကို ကျေးရွာအတွင်း စစ်ကောင်စီတက်ပ လာရောက် ပြုဆောင် ပေးထားသော်လည်း ခြံ၊ တောင်ယာများနှင့် စိုက်ပျိုးလုပ်ကိုင်စားသောက်မည့် ရွာပြင်ပတွင် ရှင်းလင်းပေးခြင်း မရှိသေးဘူးဟုလည်း သိရသည်။ ထို့အပြင် နေရပ်ပြန်ကြမည့် စစ်ရှောင်ပြည်သူများ၏ ကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းများနှင့် ကလေးများ ၏ ပညာရေးအတွက် ကျောင်းများလည်း လိုအပ်နေသေးသည်။
ဂါးရာယန်ကျေးရွာသည် စစ်တပ်က သိမ်းပြီးနောက်ပိုင်း ရွာလုံးကျွတ်နေရပ်ပြန်မည့် ဒုတိယ မြောက်ကျေးရွာ ဖြစ်ပြီး ၎င်းနှင့် ကပ်ရပ်ကျေးရွာဖြစ်သည့် ဒဘတ်ကျေးရွာသည် ယခုနှစ် မတ်လအတွင်း ပထမဆုံးရွာလုံးကျွတ် နေရပ်ပြန်ခဲ့ကြသည်ဟု သိရသည်။
ဂါးရာယန်ကျေးရွာသည် အိမ်ထောင်စု ၄၆၈၊ လူဦးရေ ၂၀၀၀ကျော် ရှိသည့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ် က ကျေးရွာကြီးတစ်ရွာဖြစ်ပြီး စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားက တကျော့ပြန် တိုက်ပွဲ ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့ နှင့် တရုတ်နယ်စပ် က KIO ထိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်း များတွင် ဆယ်စုနှစ် တစ်ခုကျော်အကြာ စစ်ဘေးရှောင်ခဲ့ကြရသည့် ကျေးရွာဖြစ်သည်။