ပြည်ခိုင်ဖြိုး ဥက္ကဌ ပစ်သတ်ခံရပြီး ၁၀ ရက်အကြာ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်။
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ-USDP ပါတီမှ ပုလောမြို့နယ် ဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၁၀ ရက်အကြာတွင် အတွင်းရေးမှူးဖြစ်သူ သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ခံရသည်။
မြိတ်ခရိုင် ပုလောမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ လက်ဘက်ရည်ဆိုင်အတွင်း ပုလောမြို့နယ် အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။
USDP ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဦးဇာနည်အောင်ဆိုသူ ဧပြီလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့် က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
အမှတ် ၄ ရပ်ကွက်က ဒေသခံတစ်ဦးက “ဒီဆိုင်မှာက ပျူစောထီးတွေ ဒလန်တွေ အများဆုံး ထိုင်လေ့ရှိတဲ့ ဆိုင် ပေါ့။ မြိတ်ဆေးရုံမှာ အခြေအနေ မကောင်းလို့ ခွဲစိတ်ပြီး အောက်ဆီဂျင် ပေးထားရတယ် ကြားတယ်” ဟု ပြောသည်။
သေနတ်ဖြင့် အနီးကပ်အပစ်ခံရမှုကြောင့် ဝဲဘက်မျက်လုံးနှင့် ဦးခေါင်းကို ထိမှန်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန် ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အတွ့် အရေးပေါ်ဆေးကုသရန် စစ်ကောင်စီတပ်ဖွဲ့က ပုလောဆေးရုံမှ တဆင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပုလောမြို့၊ အမှတ် ၄ ရပ်ကွက် က ဒေသခံများက ပြောသည်။
အပစ်ခံရသူ ဦးဇာနည်အောင်သည် လက်ရှိတွင် ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူးတာဝန်ယူထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပုလောမြို့နယ်မှ အမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် အရွေးခံခဲ့ရသူ တစ်ဦး ဖြစ်သည်ဟု သိရသည်။
ပစ်ခတ်မှုကို ဒေသခံ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ယင်းအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဦးဇာနည်အောင်သည် ပျူစောထီးများ၊ ရဲများနှင့်ပေါင်းကာ ဆန္ဒပြလူငယ်များကို မတရားဖမ်းဆီးခိုင်းခြင်း၊ သတင်းပေးခြင်းနှင့် အမှုပွဲစား ပြုလုပ်နေသူတစ်ဦး ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့တုန်းကလည်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ တိုင်းလွှတ် တော် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သူ ဦးအောင်နေဇာလင်း သေနတ်နှင့် ပစ်သတ်ခံခဲ့ရပြီး သေဆုံးခဲ့သည်။