ပြည်မြို့ NLD ပါတီ ပြန်ကြားရေးမှူး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၅ ရက်။
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အလုပ်အမှုဆောင် ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော်ဉာဏ်ဝင်းကို ဧပြီလ ၂၃ ရက်နေ့၊ ညပိုင်းတွင် စစ်ကောင်စီက ကားနှစ်စင်းဖြင့် နေအိမ်မှ ဒုတိယအကြိမ် ဖမ်းဆီးသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူး။ မနေ့က တစ်ရက်ထဲကို နှစ်ကြိမ်လာ ဖမ်းတာ။ မနက် တစ်ကြိမ် လာခေါ် တယ်။ ညနေ ပြန်လွှတ်တယ်။ နောက်ပြီး ညကျ ထပ်လာဖမ်းသွားတယ်။ ခုထိပြန်မလွှတ်သေးဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ကိုကျော်ကျော်ဉာဏ်ဝင်းကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပုဒ်မ-၂၅ ဖြင့် တရား စွဲဆို ထောင်ချခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြည်အကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာဖြင့် ပြန်လည် လွှတ်မြောက်ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
ပြည်မြို့နှင့် ပြည်ခရိုင်အတွင်းက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နှင့် ထုံးဘိုမြို့တို့က NLD ပါတီဝင် အချို့လည်း အဖမ်းခံထားရပြီး အဆက်အသွယ် ဖြတ်တောက်ခံထားရသည် ဟု သိရသည်။
ပြည်အကျဥ်းထောင်နှင့် စစ်ကောင်စီ၏ စစ်ကြောရေးများတွင် စစ်တပ်က မတရားဖမ်းဆီး ထောင်ချထားသည့် သတင်းသမားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ NLD ပါတီဝင်များ တနေ့ထက် တနေ့ ပိုတိုးလာနေသည်ဟု တက်ကြွလှုပ်ရှားသူများ၏ ပြောပြချက်များအရ သိရသည်။