ကျောက်ပန်းတောင်းတွင် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ကျောက်ပန်းတောင်းက စစ်ကောင်စီ ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ကျည် ၅ ချက် ထိမှန်သေဆုံးသွားသည်ဟု သိရသည်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ဒေသခံ PDF ပူးပေါင်းပြီး သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်သည်။
”အဲလူက မနှစ်ကလည်း ဓါးထိုးခံရပြီးပြီ။ ဒလန်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီနဲ့ ပေါင်းပြီး ရွာသားတွေကို ဒုက္ခ ပေးနေတာ ကြာပြီ အရင် NLD အစိုးရခေတ်ထဲက အုပ်ချုပ်ရေးမှူး” ဟု ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက ပြော သည်။
ပန်းကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် အသက် ၆၀ နှစ်သည် ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန် ဝန်းကျင်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နတ်မောက် နှင့် ကျောက်ပန်းတောင်းကြားတွင် သေနတ်ဖြင့် ပစ်ခတ် ရှင်းခဲ့ ကြခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ကလည်း ပန်းကြိုင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို သူနေအိမ်တွင် လူ တစ်စုက ဓါးဖြင့်ထိုး၍ မိတ္ထီလာဆေးရုံတွင် တက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရသေးသည်ဟု နီးစပ်သူများနှင့် ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။
ယခု ဧပြီလ ၂၄ ရက်နေ့ ဦးကျော်မြင့် နတ်မောက်မြို့နယ် ငါးပြေမ ပြောက် ကျားတပ်ဖွဲ့ ၊ People’s Guerrilla Force ကျောက်ပန်းတောင်းနှင့် 21-Guerilla Force အဖွဲ့တို့က ပူးပေါင်းပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်း ဖြစ်သည် ဟု ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။