အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။

ဖျာပုံမြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာက စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစော ထီးအဖွဲ့ဝင်လည်း ဖြစ်သူ ကိုအေးကိုနှင့် ၎င်း၏ဇနီးတို့အား ဒေသခံ ပျောက်ကြားများက ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီကျော် အချိန်ခန့်က နေ အိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“သူတို့ အိမ်ထဲက သေနတ်သံ နှစ်ချက်သုံးချက်လည်း ကြားပြီးရော လိုက်ဟေ့၊ လိုက်ဟေ့ဆိုတဲ့ အသံတွေ လူအုပ် ကြီးပြေးတဲ့ အသံတွေကြားရတယ်။ နောက် သေနတ်သံတွေ ထပ်ကြားရတာပဲ။ အိမ်ပြင်ထွက် ကြည့်ဖို့နေနေ သာ ဖင်ဗူးတောင်း ထောင်ပြီး ငြိမ်နေရတာ” ဟု ကျေးရွာအတွင်းနေသူ တစ်ဦးက ပြောသည်။

အိမ်အတွင်း ဝင်ရောက်ကာ ကိုအေးကို အား ပစ်ခတ်စဥ် ဇနီးဖြစ်သူက ဝင်ရောက်လုံးထွေးသဖြင့် ထပ်မံပစ်ခတ်ခံ လိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ကိုအေးကို ၏ တပည့် ပျူစောထီး ၂၀ ဦးခန့်က ညာသံပေး၍ နောက်မှ လိုက်လံတိုက်ခိုက်ကြ သဖြင့် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦးခန့် ကျည်ထိမှန်ခဲ့သည်ဟု ဧရာဗေဒါအဖွဲ့ က ထုတ်ပြန်သည်။

အခင်းဖြစ်ပွားခဲ့သည့် နေအိမ်အနီးတွင် နေထိုင်သူတစ်ဦးက “အေးကိုကတော့ သေပြီပြောတယ် သူ့မိန်းမလည်း ကျည်ဆံမှန်ထားတယ် ကြားတယ်။ သေလား ရှင်လားတော့ အတိအကျမသိဘူး” ဟု ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုအေးကိုသည် စစ်သားဟောင်းတစ်ဦး ဖြစ်ကာ အရက်မူးလာပါက ကျေးရွာ အတွင်း ရမ်းကားဆဲဆိုလေ့ရှိပြီး၊ တစ်ရွာလုံးစစ်တပ်နှင့် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်လေ့ရှိသည်ဟု ကျေးရွာ အတွင်းနေထိုင်သူများ က ပြောသည်။

ပစ်ခတ်မှု ဖြစ်ပြီး မိနစ် (၃၀) ခန့် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာ ကာ ကိုအေးကိုနှင့် ဇနီးမအေးမွန်သင်း တို့အား ဖျာပုံဆေးရုံသို့ ပို့ဆောင်လိုက်သော်လည်း နှစ်ဦးစလုံး သေဆုံးနေ ပြီ ဟု သိရကြောင်း ကျေးရွာတွင်း နေထိုင်သူများက ပြောသည်။

အုပ်ချုပ်ရေးမှူး ကိုအေးကိုသည် စစ်ကောင်စီ၏ အမိန့်များအတိုင်း ကျေးရွာအတွင်းရှိ ပြည်သူများအား မတရား ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်း၊ ပျူစောထီးများအား သင်တန်းပေးခြင်း စသည်များကို ပြုလုပ်နေပါသဖြင့် ရှင်းလင်းရခြင်း ဖြစ်သည်ဟု သေမင်းလက်ရာ တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှင်းလင်းမှုအပြီး ဆုတ်ခွာရာ လမ်းကြောင်းတွင် ပျူစောထီးများနှင့် ထိတွေ့ပစ်ခတ်မှုများ ရှိခဲ့သဖြင့် အနီးဝန်း ကျင်မှ ပြည်သူများ ထိတ်လန့်မှုများ ဖြစ်ပေါ်စေခဲ့သည့်အပေါ် နားလည်ခွင့်လွှတ်ပေးရန် တောင်းပန်ကြောင်းနှင့် ထိုဖြစ်စဥ်အား ဘိုကလေးမြို့ (ဧရာဗေဒါ)တပ်ဖွဲ့နှင့်နှင့် မအူပင်မြို့ (သေမင်းလက်ရာ)တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အုပ်ရေးမှူးနှင့် ပျူစောထီးများ တိုက်ခိုက်ခံရမှုကြောင့် ကျုံကျိုက်ကျေးရွာ အဝင်အထွက်လမ်းများ၊ အနီးဝန်းကျင် ရှိ အခြားသောကျေးရွာများကိုပါ စစ်ကောင်တပ်နှင့် ရဲအင်အား( ၃၀) ခန့်က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများမှာ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဒေသခံများ က ဆိုသည်။