ပြန်လွတ်လာတဲ့ ဇနီးဖြစ်သူကို ထပ်မံ ဖမ်းဆီးသွားပြီးနောက် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ဇနီးဖြစ်သူ ဒုတိယအကြိမ် အဖမ်းခံရပြီးနောက် ခင်ပွန်းဖြစ်သူ ကြိုးဆွဲချ သေဆုံးသွား သည်ဟု သိရသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငါးပြေမကျေးရွာတွင် စစ်ကောင်တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဒုတိ ယအကြိမ် ဖမ်းဆီးခံလိုက်ရသည့် ဒေါ်ကုလားမစိန်၏ ခင်ပွန်း ဦးမောင်စိန်အောင်သည် ဧပြီလ ၂၅ ရက်နေ့ မွန်း တည့်အချိန်ခန့်က ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
တစ်ရွာတည်းနေ အသက်(၅၀) ကျော်ခန့် အမျိုးသားတစ်ဦး “အဖမ်းရပြီးလို့ ပြန်လွတ်လာတာ နှစ်ရက်ပဲရှိသေး တယ်။ ဒီနေ့မနက်က ထပ်လာဖမ်းတာ။ ဦးမောင်စိန်အောင်က နေ့လည်မှာ ကြိုးဆွဲချ သတ်သေသွားတာပဲ” ဟု ဧပြီလ ၂၅ ရက်နေ့က ပြောသည်။
ရွာအနီးချောင်းစပ်တွင် သေဆုံးနေသည့် ဦးမောင်စိန်အောင်၏ အလောင်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဟိုင်းကြီးကျွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်ဟု ရွာသားများ၏ ပြောပြချက်အရ သိရသည်။
ကျေးရွာထဲတွင် ဒေါ်ကုလားမစိန်ကို ဖမ်းဆီးပြီးနောက် အရက်များ သောက်စားပြီး မူးနေကြသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ရွာတွင်းလမ်းပေါ်တွင် ပတ်၍ ဆဲဆို ကြိမ်းမောင်းမှုများ လုပ်ခဲ့သည်ဟု ရွာခံများက ဆိုသည်။
ငါးပြေမရွာသား ဒေသခံတစ်ဦးက “အကြောက်လွန်ပြီး လုပ်သွားတာ ထင်တယ်။ ရဲနဲ့စစ်သားတွေက အော်ဟစ် ဆဲဆိုနေတာကြောင့်လည်း ပါမယ်” ဟု ပြောသည်။
ဧပြီလ ၁၉ ရက်နေ့၊ ညပိုင်းတွင် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း အသတ်ခံရပြီးနောက် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် များ က ငါးပြေမ ကျေးရွာသား ၁၀ ဦးကို ဖမ်းဆီးခဲ့ရာ ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လွတ်လာသူ ၈ ဦး အနက် ဒေါ်ကု လားမစိန် ပါဝင်သည်ဟု အတူနေကျေးရွာသားများက ပြောသည်။
ထို့နောက် ဧပြီလ ၂၅ ရက်နေ့တွင် ဒေါ်ကုလားမစိန်ကို ထပ်မံဖမ်းဆီးလိုက်ပြီး ယခုခါ ဟိုင်းကြီးကျွန်း ရဲစခန်း တွင် ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
စစ်ကောင်စီခန့် ငါးပြေမကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းကို Pathein Western Defence Force(P.W.D.F) Beach Defence Force(B.D.F)SinYine Guerilla Force (S.G.D) ၊ West Coast Defence Force (W.C.D.F) မဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဦးဇော်ထွန်း အသတ်ခံလိုက်ရသည့် အချိန်မှ ယခုအချိန်အထိ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဟိုင်းကြီးကျွန်း တံတား၊ ငရုတ်ကောင်းမြို့အဝင်လမ်း၊ ငရုတ်ကောင်းတောင်လမ်းဆုံနှင့် ငပုတောမြို့ဝင်လမ်းများတွင် ရှာဖွေစစ် ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။