ပြည်ခိုင်ဖြိုး အမတ်ဟောင်း အိမ်ရှေ့ ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့ စျေးအနီးတွင် နေထိုင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီ အမတ်ဟောင်း တစ်ဦး၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
USDP ပါတီ အမတ်ဟောင်း ဖြစ်သူ ဦးလှစိုး နေအိမ်အရှေ့တွင် ဧပြီလ ၂၄ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် ဗုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အနီးအနားဝန်းကျင်က အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့သည်ဟု ဒေသခံများက ပြော သည်။
အမှတ် ၁ ရပ်ကွက်က အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဝုန်း ဆိုပြီး အသံက အတော်ကြမ်းတယ်။ ကျနော်တို့ ရပ်ကွက်က တောင်ကြားရတယ်။ သူကကြောက်ပြီး အိမ်တွင်းပုန်းအောင်းနေတာ ကြာပြီ” ဟု ပြော သည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် USDP ပါတီအမတ်ဟောင်း ဦးလှစိုး ထိခိုက်ဒဏ်ရခြင်း မရှိဘဲ ၎င်းအိမ်၏ မျက်နှာချင်း ဆိုင်က စျေးဆိုင်နေအိမ်မှ အသက် ၄၅ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့ခြင်းကြောင့် ပုလောမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။
အဆိုပါ ဖောက်ခွဲမှုကို လက်ရှိအချိန်အထိ မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ဆိုသည်ကို မသိရသေးသလို မည်သည့် အဖွဲ့ကမှလည်း သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။
ဦးလှစိုးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်း၊ USDP ကိုယ်စားလှယ်အနေဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်-၉ နေရာမှ ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ တိုင်းဒေ သကြီး လွှတ်တော် ပုလော မဲဆန္ဒနယ် အမှတ်-၁ တွင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ရှုံးနိမ့်ခဲ့သည်ဟု သိရသည်။
ယခုနှစ် ဧပြီလအတွင်း၌ပင် ပုလောမြို့နယ် USDP ပါတီ ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်နေဇာလင်း ပစ်သတ်ခံခဲ့ရပြီး အတွင်းရေးမှူး ဖြစ်သူ ဦးဇာနည်အောင်လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာ ရခဲ့ခြင်းကြောင့် လက်ရှိအချိန်ထိ မြိတ်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။