ကန်ချနဘူရီ အနီးရှိ ထိုင်းနယ်စပ် ထီးခီးဂိတ်ကို မြန်မာစစ်ကောင်စီ ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဒေသဖြစ်သည့် ထီးခီးဂိတ်ကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီ ၂၄ ရက်နေ့က စတင်ပြီး ဖြတ်သန်းသွားလာခွင့် ရုတ်တရက် ပိတ်လိုက်သည်ဟု နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူတစ်ဦးက အတည် ပြု ပြောသည်။

ထီးခီးနယ်စပ်ဂိတ် ပိတ်သိမ်းခဲ့သည့် အကြောင်းရင်းကို မသိရှိရသေးဘူးဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အရေးပေါ်အစည်းအဝေးပြီးနောက် ဖြတ်သန်းသွားလာခွင့်ကို ပိတ်လိုက်ခြင်း ဖြစ်ပြီး မည်သည့် အချိန်တွင် ပြန်ဖွင့်မည်ဆိုသည်ကိုလည်းပြောဆိုခြင်းမရှိဘူးဟု ယင်းတာဝန်ရှိ သူက ပြောသည်။

ဖြတ်သန်းသွားလာခွင့် ပိတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ကြိုတင် သတင်းထုတ်ပြန် ပေးခြင်းမျိုး မရှိခဲ့သည့်အတွက် ကုန်ပစ္စည်းရောင်းဝယ်သူများနှင့် ပစ္စည်းသယ်ပို့ယာဥ်များမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ကုန်တင်ကား မောင်းသူများကပြောသည်။

ထားဝယ်မြို့က အသက် ၄၀ အရွယ် ကုန်သည်တစ်ဦးက “နယ်လုံက ပိတ်ခိုင်းတာလို့ကြားရတယ်။ တိတိကျကျ တော့မသိဘူး။ နယ်မြေရှင်းလင်းရေး လုပ်ဖို့ ဖြစ်နိုင်တယ်” ဟု ဆိုသည်။

ထီးခီးနယ်စပ်ဂိတ် အသုံးပြု၍ ထားဝယ်မြို့ဘက်မှ ကြက်သွန်နီ၊‌‌ ရေထွက် ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ရောင်းချကာ၊ ထိုင်းဘက်အခြမ်းမှ စက်သုံးဆီ၊ မီးဖိုချောင်သုံးဂက်စ်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် အသီးအနှံများ ပြန်လည်တင်သွင်း ရောင်းဝယ်နေကြရသည်ဟု ဒေသခံ ကုန်သည်များက ပြောသည်။ သိရသည်။

ထားဝယ်-ထီးခီးကားလမ်းမပေါ်တွင် စစ်ကောင်စီတပ်၏ ယာဥ်တန်းများ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ ကြိမ်ထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ဖူးသည် ဒေသခံများ၏ ပြောပြချက်များ အရ သိရသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ရုတ်တရက်ပိတ်လိုက်ခြင်းသည် စစ်ကောင်စီက စစ်ဆင်ရေး တိုးမြှင့်လုပ်ဆောင်
ရန်အတွက် ဖြစ်နိုင်သည်ဟု ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။

တနင်္သာရီတိုင်းတွင် နယ်စပ်ကုန်သွယ်ရေး ဂိတ် ၃ ခု ရှိသည့်အနက် ထီးခီးဂိတ်နှင့် အတူ မြိတ်ခရိုင်၊ တနင်္သာရီ မြို့ နယ်မှ မောတောင်နယ်စပ်ဂိတ်ကိုလည်း ပိတ်လိုက်သည်ဟု သိရှိရသည်။

သို့သော် အဆိုပါ မောတောင်နယ်စပ်ဂိတ်ပိတ်လိုက်သည့် အခြေအနေနှင့်ပတ်သက်၍ သတင်းနှင့် မီဒီယာ ကွန်ယက် သတင်းဌာနမှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။