ပုသိမ် ကညန ရုံးရှေ့ ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)ရုံး ရှေ့ တွင် ဧပြီလ ၂၆ ရက်နေ့ (ယနေ့) နံနက် ၇ နာရီအချိန် က ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရသည်ဟု သိရသည်။

ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်းလမ်းရှိ ကညန ရုံး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ပုသိမ်မြို့ခံ ဦးတင်ဝင်းက “ဒီရုံးကို ဗုံးတိုက်ခိုက်ခံရတာ နှစ်ကြိမ်ရှိသွားပြီ။ တစ်ကြိမ်မှ လူသေတာမျိုး ကြီးကြီး မားမား ပျက်စီးတာမျိုး မရှိဘူး။ အခုလည်း ဆိုင်းဘုတ်တစ်ခုပဲ နည်းနည်းပါးပါး ပျက်စီးသွားတယ်” ဟု ပြော သည်။

ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (PSTF) တာဝန်ခံက ယင်းဖောက်ခွဲမှုကို ၎င်းတို့၏ တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသည့် ဌာနဖြစ်သောကြောင့် ယခုနှစ်အတွင်း ထပ်မံ သတိပေး ခြင်းဖြစ်သည် ဟု ပြောသည်။

ပုသိမ်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (PSTF) တာဝန်ခံက “လုပ်ထုံးလုပ်နည်းအရ တတိယအကြိမ် ဆိုရင်တော့ ထိထိ ရောက်ရောက် တိုက်ခိုက်သွားမယ်” ဟု ဆက်ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်နှင့် ရဲများရောက်ရှိလာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကညန ရုံးရှေ့ ရှိ လမ်းကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူများ၏ ပြောပြချက်အရ သိရ သည်။

ပုသိမ်မြို့ခံ အချို့ကမူ PDF များ၏ တိုက်ခိုက်မှုများကို အကြောင်းပြ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က မသက်ဆိုင် သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်သည့် နှိပ်စက်မှုများ ရှိနေသည်ဟု ပြောဆိုသည်။

ထိုကညနရုံးကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့၊ နံနက် အစောပိုင်း အချိန်ကလည်း အမည်မသိ လူတစ်စုက ဆိုင် ကယ်ဖြင့် ရောက်ရှိလာပြီး ဓါတ်ဆီမီးပုလင်းများဖြင့် ပစ်ပေါက် တိုက်ခိုက်ခံခဲ့ရဘူးသည်။

ထိုသို့ ဓါတ်ဆီမီးပုလင်းဖြင့် ပစ်ပေါက်ခံရမှု ကိစ္စနှင့် ပါတ်သက်၍ မသက်ဆိုင်ပဲ ဖမ်းဆီးခံရသူ အချို့ယနေ့တိုင် ပြန်မလွှတ်သေးဘူးဟု ဖမ်းဆီးခံရသူများ၏ မိသားစုနှင့် နီးစပ်သူများက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်းကလည်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် ယခုဗုံးဖောက်ခွဲမှုသည် ဒုတိယအကြိမ်တိုက် ခိုက်ခံရခြင်းဖြစ်သည်ဟု မြို့ခံများထံကသိရသည်။