မြန်အောင်တွင် တစ်လအတွင်း သုံးကြိမ်မြောက် Mytel တာဝါ ဖောက်ခွဲ ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အဆယ်ကျေးရွာ အနီးရှိ Mytel ဖုန်းတာဝါတိုင် ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည်။

အဆယ်ကျေးရွာက Mytel ဖုန်းတာဝါတိုင်သည် ဧပြီလ ၇ ရက်နေ့ မှ ဧပြီလ ၂၇ ရက်အတွင်း ဒေသခံ PDF အဖွဲ့ များက တတိယမြောက် ဖောက်ခွဲဖျက်ဆီးလိုက်သည့် တာဝါတိုင်ဖြစ်သည်ဟု ဒေသခံ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများထံမှ သိရသည်။

“လင်းအားကြီး အချိန်မှာ ပေါက်တာ။ မြေကြီးတောင်တုန်တယ်။ တာဝါတိုင် အောက်က စက်ပုံးတွေ အကုန် ပျက် ကုန်တယ်။ ခဏကြာတော့ စစ်တပ်နဲ့ ရဲတွေ ရောက်လာတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့်“ဧရာနဂါးညီနောင်” ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ် က ထိုဖောက်ခွဲမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Mytel ဆက်သွယ်ရေး လုပ်ငန်းမှာ စစ်ကောင်စီ၏ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး ထောက်တိုင်ဖြစ်သည့် အတွက် ဖောက်ခွဲဖျက်ဆီးရခြင်းဖြစ်ကာ ဆက်လက်၍လည်း စစ်ကောင်စီ၏ ထောက်တိုင်များကို တိုက်ခိုက် သွားမည်ဟု ထုတ်ပြန်ထားသည်။

ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်မှ တာဝန်ရှိသူက “ထိထိရောက်ရောက် ပျက်စီးစေချင် လို့ မိုင်းနှစ်လုံး ဆင်ပြီး တစ်ပြိုင်တည်း ဖောက်ခွဲ ပစ်လိုက်တာပါ” ဟု ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ မြန်အောင်မြို့နယ်တွင် ဧပြီလ ၇ ရက်နေ့က ဖားအောက်တော Mytel ဖုန်း တာဝါတိုင် ကို “နဂါးနီတော်လှန်ရေး တပ်ဖွဲ့” က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ငှက်ကြီးကွင်းအုပ်စု၊ မြေပြာသရက်ကုန်းကျေးရွာရှိ Mytel ဖုန်း တာဝါတိုင် အား “ဒေါင်းတမာန်”အဖွဲ့က ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်ခဲ့သည်။

“မိုင်တဲတာဝါတိုင် ပေါက်ကွဲတာ ရက် ၂၀ အတွင်းမှာ ၃ ကြိမ်ဆိုတော့ တော်လှန်ရေး လှုပ်ရှားမှုတွေ သွက်လာ တယ်” ဟု မြို့ခံ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ကလည်း နဂါးနီတော်လှန်ရေးတပ်ဖွဲ့က မြန်အောင်မြို့နယ် ပညာရေးမှူးရုံး အဝေးထိန်း စနစ် ဖြင့် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည် ဟု ဆက်သိရသည်။