ထားဝယ်အနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

ထားဝယ် အနီးဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တပ်ဖွဲ့တို့အကြားက တိုက်ပွဲတွင် စစ်ကောင်စီတပ် က ၂ ဦးသေပြီး ၎င်းတို့၏ ကားတစ်စီးကိုလည်း သိမ်းဆည်းရမိလိုက်သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထီးခီးလမ်းရှိ သဗျာကျေးရွာအုပ်စု မဲချောင်းကျေးရွာ
၈ မိုင်လမ်းဆုံအနီး တွင် ဧပြီလ ၂၆ ရက်နေ့၊ ည ၇နာရီအချိန်ခန့်က စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး PDF များက ကားတစ်စီး သိမ်းဆည်းရမိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်သား နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူ အများအပြားဖြင့် ထွက်ပြေးသွားပြီး စစ်ကောင်စီ ယာဉ် တန်းပါကား ၃ စီးအနက် ၂ စီး ပျက်စီးသွားသည့်အပြင်၊ ကျန်ရှိသည့် ၁ စီးကိုလည်း ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းအဖွဲ့က သိမ်းဆည်းခဲ့သည်ဟု PDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ထားဝယ်ဘက်မှ ပကာရီ ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၃ စီးက စတင်ပစ်ခတ်ရာမှ မိနစ် ၄၀ ခန့် အကြာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“သေနတ်ပစ်သံတွေ ကြားတာနဲ့ ရွာသားတွေ ကြောက်ပြီး တောထဲ ပြေးပုန်းနေကြရတာ။ တရက်နှစ်ရက်က ပကာရီမှာ တိုက်ပွဲဖြစ်ကထဲကပဲ။ ရွာမှာ မနေရဲကြတော့ဘူး၊ အများစုက တောထဲမှာပဲရှောင်နေကြရတယ်” ဟု အသက် ၄၀ခန့် အရွယ် ရွာသားတစ်ဦးကပြောသည်။

ထိုတိုက်ပွဲအား KNDO၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (T1ဇို)၊ ထားဝယ်ခရိုင် (ပကဖ)၊ သရက်ချောင်းမြို့နယ် (ပကဖ) နှင့် ဒေသခံ ပြောက်ကြားအဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန် ထားသည်။

စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးအတွက် စစ်ဆင်ရေးများ ပြုလုပ်လာနိုင်ပြီး အချိန်နေရာမရွေး တိုက်ပွဲ များ ဖြစ်လာနိုင်၍ ပြည်သူများသည် ယခုကာလအတွင်း ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးမပြုကြရန် ထား ဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်ဟု သိရသည်။