နှစ်ပါတ်ကျော်သည်အထိ ဖမ်းဆီးခံ ခရစ်ယာန်ဘုန်းကြီးနှင့် အဆက်အသွယ်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။
ဆယ့်ခုနှစ်ရက် ကြာသည်အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့် ခရစ်ယာန် ဘုန်းတော်ကြီး နှင့် အဆက်အသွယ် မရသေး ဟု သိရသည်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာရှိ စိန့်ဂျိုးဇက် ကက်သလစ် ဘုရားကျောင်းက လက်ထောက် ဘုန်းတော်ကြီး အဖမ်းခံထားရသည်မှာ ၁၇ ရက်ရှိနေပြီ ဖြစ်သော်လည်း မည်သည့်နေရာတွင် ရှိနေသည်ကို ယနေ့အချိန်ထိ မသိ ရသေး၍ စိုးရိမ်နေကြသည်ဟု ဒေသခံများနှင့် ဘာသာဝင်အချို့က ပြောသည်။
“ဧည့်စာရင်း စစ်မယ်ဆိုပြီး ကျောင်းတံခါးကို အတင်းဖွင့် ခိုင်းပြီး ဖမ်းသွားတာ။ သေသလား ရှင်သလား ဘယ်မှ စုံစမ်းလို့မရဘူး” ဟု ယင်း ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုစဥ်က လက်ထောက် ဘုန်းတော်ကြီး နှင့် အတူကျောင်းတွင် ရှိနေသည့် ခရစ်ယာန် ဘာသာဝင် ၁၂ ဦးခန့်ကို ဖမ်းဆီးခဲ့သော်လည်း နောက်တစ်နေ့ ဧပြီလ ၁၁ ရက်နေ့က ပြန်လွှတ်ပေးသည်ဟု ၎င်းက ဆက်ပြောသည်။
ဧပြီလ ၁၀ ရက်နေ့ က စစ်ကောင်စီ၏ ကျုံပျော်မြို့အထိုင် တပ်ရင်း၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင် သည့် အင်အား ၇၀ ခန့်က ထိုခရစ်ယာန်ကျောင်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။
“စစ်ကောင်စီ သတင်းပေးတွေက သတင်းအမှားတွေ ပေးတယ်။ အဲတော့ မကြာခဏ ဆိုသလို ရွာတွေမှာ ဝင် စီးခံရ၊ အဖမ်းခံရတာတွေ ရှိနေတယ်” ဟု ကျုံပျော်မြို့ခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီ သတင်းပေး ဒလန်များကြောင့် ဧပြီလဆန်းပိုင်းက ကျေးလက်နှင့် မြို့ပေါ် ရပ်ကွက်များမှ ဒေသခံ ၃၀ ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး အများစုမှာ ယနေ့အချိန်ထိ ပြန်မလွတ်သေးဘူး သိရသည်။
ကျုံပျော်မြို့နယ် အတွင်း၌ မတ်လအတွင်းကလည်း လက်နက်နှင့် လူအချို့ကို စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးခဲ့ သည်ဟု ကျုံပျော် သတင်းအရင်း အမြစ်အချို့ထံမှ သိရသည်။