စားအုန်းဆီ ဈေးတက်၍ တောင်ကြီး ဈေးသည်များ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

နိုင်ငံအဝန်း စက်သုံးဆီဈေး ဂယက်ထမှုနှင့် အတူ စားအုန်းဆီနှင့် ရောနှောဆီ ဈေးပါ လိုက်တက်လာ၍ တောင် ကြီးမြို့ရှိ ဈေးသည်များ ဒုက္ခရောက်နေသည်ဟု ဒေသခံများက ပြောသည်။

တောင်ကြီးမြို့ရှိ လက်ဘက်ရည်ဆိုင်ပိုင်ရှင် တစ်ဦးက “အရင်တုန်းကဆို စားအုန်းဆီ ဆယ်ပိဿာ ဝယ်ရင် ၃၀,၀၀၀ လောက်ပဲ ပေးရတာ။ အခုက ၈၀,၀၀၀ နီးပါး ဖြစ်နေပြီဆိုတော့ ဘယ်လိုမှ ရောင်းလို့ မကိုက်တော့ ဘူး။ နေကြာဆီ ပြောင်းသုံးမယ် ဆိုပြန်တော့လည်း အခု အနိမ့် ဆုံး (၅) လီတာ တစ်ဘူးကို ၂၆,၀၀၀ ဆိုတော့ အဆင်မပြေပြန်ဘူး။ ဈေးကလည်း ဒီထက် တက်ရောင်းလို့ မရ တော့ အခု လောလောဆယ် အီကြာကွေးနဲ့ ပလာတာကို ဆိုဒ်နည်းနည်း သေးသေးလုပ်ပြီး ရောင်းရတာပေါ့” ဟု ပြောသည်။

ကမ္ဘာ့ စားသုံးဆီဈေးကွက်တွင် ကုန်ပစ္စည်းရှားပါးမှုများရှိနေ၍ ကမ္ဘာတွင် စာအုန်းဆီ အများဆုံး ထုတ်လုပ်သော အင်ဒိုနီးရှားနိုင်ငံက ယမန်နေ့က စ၍ စားအုန်းဆီ တင်ပို့မှုကို ရပ်ဆိုင်းထားခဲ့သည်။

ဧပြီလ တတိယအပတ်တွင် စားအုန်းဆီဈေးနှုန်း ၁ ပိဿာလျှင် ကျပ် ၇,၅၀၀ ဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ ယခုဧပြီလ နောက်ဆုံးအပတ်တွင် ၁ ပိဿာလျှင် ကျပ် ၇,၈၅၀ ဝန်းကျင် အထိ ဈေးပေါက်နေပြီ ဖြစ်သည်ဟု စျေးသည်များ ထံမှ သိရသည်။

အဆိုပါ စားအုန်းဆီ ဈေးနှုန်းမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီလ အစတွင် တစ် ပိဿာ ဈေးနှုန်း ၁,၈၀၀ ကျပ် နှင့် ၂,၀၀၀ ကျပ် ကြားသာရှိခဲ့သော်လည်း နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုနှင့် အတူ စက်သုံးဆီဈေး တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ယခု တစ်ပိဿာ ကျပ် ၈,၀၀၀ နီးပါး အထိ ဈေးတက် လာရခြင်း ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ထိုသို့ စားအုန်းဆီ ဈေးမြင့်တက်မှုကြောင့် စားအုန်းဆီနှင့် ရောနှောရသည့် တောင်ကြီးပြည်တွင်းထုတ် အမှတ် တံဆိပ်များဖြစ်သည့် အေးသူဇာ၊ ရွှေပဲ၊ စိန်၊ ကျောက်စိမ်း စသည့်ရောနှောဆီ ဈေးများပါ လိုက်တက်လာ နေ သည်။

အလားတူ ရွှေပဲ အမှတ်တံဆိပ် ဆီသည် ယခင်လတွင် တစ်ပိဿာဘူး (၈) ဘူးပါ တစ်ပါကင်လျှင် ၆၂,၄၀၀ ကျပ် သာ ရှိခဲ့သော်လည်း ယမန်နေ့က ၆၅,၂၀၀ အထိ ဈေးခုန်တက်လာသည်ဟု စားသုံးဆီရောင်းသည့် ဆိုင်ရှင် တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ရှိ အိမ်ရှင်မ တစ်ဦးက “အရင်ကတော့ နေကြာဆီတွေ ဈေးကြီးလို့ ရောနှောဆီပဲ သုံးတာ။ ရွှေပဲ တစ်လီတာဗူး ၄,၅၀၀ ဈေးတက်ပြီးကတည်းက နေကြာဆီပဲ ပြောင်းသုံးတော့တယ်။ ကျမ သုံးတဲ့ Goody တံ ဆိပ် နေကြာဆီက တစ်ဗူးမှ ၅,၂၀၀ ပဲလေ။ ၇၀၀ လောက်နဲ့တော့ မနှမျောတော့ဘူး။ တခြားအပိုင်းတော့ ချွေ တာရတာပေါ့” ဟု ပြောသည်။

မြန်မှာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက စားအုန်းဆီများကို ဈေးနှုန်း သတ်မှတ်၍ ဆီကုန် သည်များအား ရောင်းချခိုင်းသော်လည်း စီးပွားရေး ပိတ်ဆို့မှုကြောင့် ပို့ကုန်များ မလုံလောက်မှု၊ စက်သုံးဆီဈေး တက်၍ ကုန်ကြမ်းနှင့် ကုန်ချောများ သယ်ယူ စရိတ်မြင့်မားမှု၊ လျှပ်စစ်မီး ပုံမှန်မလာ၍ ဆီစက်များ ကောင်းမွန် စွာ မလည်ပတ်နိုင်မှုနှင့် ပြည်တွင်း ကုန်ကြမ်းများ အလျင်မှီ မရရှိနိုင်သည့်အတွက် စားအုန်းဆီနှင့် ရောနှောဆီ ဈေးနှုန်းမှာလည်း တရိပ်ရိပ် မြင့်တက်လာနေပြီး ယခု မြေပဲဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီတို့ နှင့် ဈေးနှုန်း မကွာ မလှမ်း ဖြစ်လာနေသည်ဟု ဆီကုန်သည်များနှင့် စျေးသည်များက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ နိုင်ငံခြားအမှတ်တံဆိပ် နေကြာဆီ ရောင်းချသည့် ကုမ္ပဏီတစ်ခုမှ အရောင်းဝန်ထမ်း တစ် ဦးအား မေးမြန်းရာတွင် စားအုန်းဆီနှင့် ရောနှောဆီ ဈေးတက်သည့်အတွက် နေကြာဆီဈေးတက်နိုင်ချေ ရှိသော် လည်း မည်သည့်အချိန် ဈေးတက်မည်ကို ၎င်းအနေဖြင့် မသိရသေးဘူးဟု ဆိုသည်။