ဆိုင်ကယ်သူခိုးအား အမှုဖွင့်ရန် ရဲစခန်းအား ပိုက်ဆံပေးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် ဆိုင်ကယ်သူခိုးအား ပြည်သူများမှ ဖမ်းမိခဲ့သော်လည်း ရဲလက်အပ် သည့်အခါ အမှုဖွင့်ပေးရန် အခကြေးငွေ ပေးဆောင်ခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
သူခိုးအား အမှုဖွင့်ရန် အမှုဖွင့်ခ ငွေကျပ် နှစ်သောင်းပေးမှ ရဲတပ်ဖွဲ့က အမှုဖွင့်ပေးသည်ဟု သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၈ ရက်နေ့ (ယမန်နေ့) မွန်းလွဲပိုင်း ၁၂ နာရီကျော်တွင် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်၊ ထိန်သာ ဆောက်လုပ်ရေး ဝန်ထမ်းများမှ အမှတ် (၂၂) စာသင်ကျောင်းဝင်းထဲတွင် လင်မယားနှစ်ယောက်အား ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ရဲလက်သို့အပ်ချိန်တွင် ရဲတပ်ဖွဲ့မှ အမှုဆင်ခတောင်းခြင်း ဖြစ်သည်။
ဖမ်းဆီးရာတွင် ပါဝင်ကူညီသည့် ထိန်သာ ဆောက်လုပ်ရေးလုပ်ငန်းမှ ဝန်ထမ်းတစ်ဦးက “ကျနော်တို့ ရုံးက အင် ဂျင်နီယာရဲ့ ဆိုင်ကယ်က ရုံးရှေ့မှာ ရပ်ထားတုန်း ပျောက်သွားတာပေါ့နော်။ အဲဒါကို CCTV မှတ်တမ်းမှာ တွေ့ တယ်။ အဲဒီ မှတ်တမ်းကို တောင်ကြီးနဲ့ ပတ်သက်တဲ့ group တော်တော်များများမှာ တင်ထား လိုက်တာ။ အချိန် ခဏလေးမှာပဲ သိတဲ့ လူတွေက သတင်းလာပေးကြတယ်။ သူတို့ လင်မယားကို သိတယ်ပေါ့။ ပြဿနာ ဖြစ်မှာ စိုးလို့ ကျနော်တို့ ရဲကိုတော့ အရင်ဆုံး အကြောင်းကြားလိုက်တယ်။ ပြီးတော့ ကျောင်းကို အသိပေးပြီး ပိတ် ဖမ်းလိုက်တာ” ဟု ပြောသည်။
ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ ၅၈-ယ/ ၇၀၂၈ လိုင်စင်နံပါတ်ပါ အပြာရောင် Loujia အမျိုးအစားဖြစ်ပြီး သူခိုးလင်မယားအနက် ဇနီးဖြစ်သူမှာ ထိုအမှတ်-၂၂ ကျောင်းအုပ်၏ တူမအရင်း ဖြစ်သည်ဟု သတင်းပေး ဒေသ ခံများက ပြောသည်။
၎င်းတို့ လင်မယားအား ဝင်ရောက်ဖမ်းဆီးစဉ် ကျောင်းဝင်းအတွင်း၌ ဒူးကာဖြုတ်ထားသော ဆိုင်ကယ် (၁၀) စီး ကျော်ခန့် အပြင် တစ်စစီဖြုတ်ထားသော ဆိုင်ကယ်အစိတ်အပိုင်းများကိုလည်း တွေ့ရှိခဲ့ပြီး ခိုးရာပါ ပစ္စည်းများ နှင့် အတူ တစ်ပါတည်း ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ထိုကဲသို့ ပြည်သူများမှ ဆိုင်ကယ်ခိုးသူအား ဝိုင်းဝန်းဖမ်းဆီး ရမိခဲ့သော်လည်း ရဲကိုမူ အမှုဖွင့်ခ အနေဖြင့် ထိန် သာ ဆောက်လုပ်ရေးမှ ငွေကျပ် ၂၀,၀၀၀ ပေးခဲ့ရပြီး အဘယ်ကြောင့်ပေးရသည်ကို မသိရကြောင်း ထိန်သာ ဆောက်လုပ်ရေးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
တောင်ကြီးမြို့ရှိ ဆိုင်ကယ် ခိုးမှုများမှာ တစ်ဦးတစ်ယောက်ချင်းခိုးသူများ၊ လင်မယား စုံတွဲများ အပါအဝင် အုပ်စုဖွဲ့ ဂိုဏ်းလိုက်ရှိကြပြီး ခိုးရာပါ ဆိုင်ကယ်များကို တောင်ကြီး မြို့ပေါ်တွင် မရောင်းကြပဲ ညောင်ရွှေ၊ အောင် ပန်း၊ ကလော၊ ဟိုပုံး အထိ ဆင်းရောင်းနေကြသည်ဟု ဒေသခံများက ဆိုသည်။
၂၀၂၂ ခုနှစ် သင်္ကြန်ကာလအတွင်းတွင်လည်း တောင်ကြီးမြို့တွင် ဆိုင်ကယ်ပျောက်မှု (၁၀) မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဆိုင်ကယ်သူခိုးအား ဒေသခံများက တူမီးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။
တောင်ကြီးမြို့တွင် အလားတူ ဆိုင်ကယ် ခိုးမှုများအပြင် ကားခိုးရန်ကြိုးစားမှုလည်း မြို့မရပ်ကွက်၊ တူးမြောင်း လမ်းတွင် ဧပြီလ ၂၈ ရက်နေ့ ယမန်နေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ယင်းကားခိုးသူမှာ Honda Fit အဖြူရောင်ဖြင့် လာခြင်းဖြစ်ပြီး ခိုးမှုမှာ မအောင်မြင်ခဲ့၍ ထွက်ပြေးသွားသည်ကို မြို့မရပ်ကွက်သား တစ်ဦးမှ Facebook လူမှုကွန်ယက်တွင် CCTV မှတ်တမ်း ဝေမျှခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးသည့် အချိန်မှစ၍ တောင်ကြီးမြို့ပေါ်တွင် လူစည်ကားသည့် နေရာ များတွင် သာမက လမ်းကြိုလမ်းကြား လူပြတ်သည့်နေရာများတွင်ပါ နေ့စဉ်ရက်ဆက်နီးပါး ဆိုင်ကယ်ပျောက် ဆုံးမှုများ ရှိနေကြပြီး ဆိုင်ကယ်ခိုးမှု CCTV မှတ်တမ်း (၃၀) ကျော်နှင့် အလွတ်ပျောက်ဆုံးသည့် အရေအတွက် (၁၀၀) ကျော်မည်ဟု ဒေသခံများက ခန့်မှန်းကြသည်။
သို့သော် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အများပြည်သူ၏ ဆိုင်ကယ်၊ ကားပျောက်ဆုံးမှုများနှင့် ပတ် သက်၍ တစ်စုံတစ်ရာ အရေးယူပေးခြင်း၊ သူခိုးများအား ဖမ်းမိခြင်းများ၊ ကူညီဆောင်ရွက်ဖြေရှင်းပေးခြင်းများ မရှိသော်လည်း စစ်ကောင်စီအား ဆန့်ကျင်သည်ဆိုသည့် သံသယရှိမှုဖြင့် တောင်ကြီးမြို့ လူငယ်များကို မကြာ ခဏ ဖမ်းဆီးမှုများသာ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။