ဖားကန့်တွင် စစ်ကောင်စီက KIA တပ်ရင်းကို လက်နက်ကြီးနှင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ ရှိရာ ဘက် သို့ လက်နက်ကြီးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာက ပြည်သူများက တိုက်ပွဲများ ဖြစ် ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှ နံနက် ၉ နာရီအတွင်း ဖားကန့်မြို့နယ် ကံဆီးကျေးရွာရှိ စစ် ကောင်စီတပ်၏ ဗျူဟာကုန်းမှ KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၆ ရှိရာဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦး က “ကြားရတာက ၆ နာရီလောက် ဟုတ်တယ်။ အကြာကြီးဘဲ။ နားလိုက်၊ ပြန်ပစ် လိုက်ဆိုတော့။ ဘယ်ကနေပစ်လဲ ဆိုတော့ ကျမတို့ရွာပေါ့နော်။ ဗျူဟာကုန်းရှိတယ်။ အဲ့ကနေ ပစ်တယ်လို့ ထင် တယ်။ ကံဆီး စစ်တပ်ကုန်းကပေါ့။ တပ်မဟာ ၉ ဘက် ပစ်တာလို့ ထင်တယ်။ ကျမကြားရတာလည်း ၁၂ ဟုတ် တယ်။ တချို့ကလည်း ၁၀ ချက်လို့ ပြောကြတယ်။ အရင်တုန်းကလောက်တော့ သဲသဲကွဲကွဲ မကြားရတော့ဘူး။ များတော့ များတယ်။ ခဏခဏ ပစ်နေကျဟုတ်တယ်” ဟု ပြောသည်။

ကံဆီးစစ်တပ်မှ မကြာခဏ လက်နက်ကြီး ပစ်ခတ်လေ့ရှိသည်ဟု ပြောသည်။

လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ကံဆီး (သို့မဟုတ်) ကံဆီးဆိုင်းရာကျေးရွာက ပြည်သူများသည် စစ်ကောင်စီ တပ်၏ မကြာခဏ ပစ်ခတ်နေ သည့် လက်နက်ကြီးကျည်များ ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲမည်ကို စိုးရိမ် နေကြသည့်အပြင် နှစ်ဖက် ကြား အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

“အခြေအနေကတော့ လုံခြုံရေးကတော့ အဆင်မပြေဘူးပေါ့။ ဒါပေမယ့် သွားမယ့်နေရာလည်း ခက်ခဲတယ်။ ဘယ်မှလည်း သွားလို့ ငွေရေးကြေးရေး အဆင်မပြေတဲ့ လူတွေပဲ ပိုများတယ်ပေါ့နော် ရွာကလူတွေဆိုတော့။ တောင်ယာခုတ် အဲ့လိုမျိုး လက်လုပ်လက်စားပဲများတယ် ဆိုတော့ ဘယ်မှမသွားဖြစ်ဘူး။ ဒီမှာ စစ်ရှောင်မှာ လည်း အခုသွားလို့ မရတော့ဘူးလေနော်။ စစ်ရှောင်ကလည်း အခုပြန်လည်း ပြန်ခိုင်းနေတော့ စစ်ရှောင်မှာ လည်း သွားလို့မရဘူး။ ကံဆီးမှာပဲ အဆင်ပြေသလိုနေကြတာ။ ကြောက်ရင်လည်း သွားမယ့်နေရာ မရှိဘူးပေါ့ နော်” ကံဆီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

စစ်ကောင်စီတပ်က မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနေသည့်အတွက် ဒေသခံပြည်သူအချို့ မိမိတို့ လုံ ခြုံရေးအတွက် စိုးရိမ်မှုနေကြသော်လည်း ငွေရေးကြေးရေးခက်ခဲမှုများနှင့် နိုင်ငံရေးအခြေအနေများကြောင့် အခြားနေရာများသို့ သွားရန်အဆင်မပြေပဲ ကျေးရွာထဲတွင်သာ အခြေအနေကို စောင့်ကြည့်ပြီး နေနေကြရသည် ဟု ကံဆီးရွာသားများက ဆိုသည်။

သို့သော် ယနေ့စစ်ကောင်စီ၏ KIA တပ်ရင်း ၆ ရှိနေရာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အခြေအနေ အား KIO ပြန်ကြားရေး တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

၂၀၁၁ ခုနှစ်တွင် စစ်တပ်နှင့် KIA ကြားက တကျော့ပြန် တိုက်ပွဲများကြောင့် ကံဆီးကျေးရွာက ရွာသား ၄၀၀၀ ခန့် လုံးခင်း-လယ်ပြင် စစ်ရှောင်စခန်း၊ နမ့်မဖြစ် စစ်ရှောင်စခန်းနှင့် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း စခန်းတို့တွင် ၂၀၁၃ ခုနှစ်တွင် စစ်ဘေးရှောင်ခဲ့ကြရသည်။

ကံဆီးကျေးရွာသည် လုံခင်းမြို့နှင့် ၁၀ မိုင်ကျော်ခန့် အကွာရှိ လုံးခင်းကျေးရွာအုပ်စုဝင် ကျေးရွာကြီးတစ်ရွာ ဖြစ် ပြီး ၂၀၁၁ ခုနှစ် မတိုင်ခင် ကာလတွင် KIO/KIA ထိန်းချုပ်ရာနယ်မြေအတွင်း ရှိခဲ့သည့် ကျေးရွာဖြစ်သည်။