မြိတ်တိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲတွင် KNU နှင့် PDF ပူးပေါင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်ရင်းမှူး အပါဝင် ၄ ဦးသေဆုံးသွားသည် ဟု ဒေသခံများနှင့် PDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန္ဓောကျေးရွာအရှေ့ ချောင်းတဘက်ကမ်းရှိ ဘန်းပြည့်အနောက်ကျေးရွာတွင် ဧပြီ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က လက်နက်ကြီးတွေ တဝုန်းဝုန်းနဲ့ ဆယ်ချက်နီးပါး ပစ်တယ်။ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ် နေကြတာ။ ရွာသားတွေ ရှောင်ပုန်းနေတဲ့ တောထဲတွေကတောင် ကြားရတယ်။ ရွာထဲမှာက လူမရှိ သလောက် ပဲ” ဟု သိန္ဓောကျေးရွာမှ အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ဘန်းပြည့်အနောက်ကျေးရွာ၏ ကမ်းစပ် သဲသောင်နံဘေး ခြုံများအနီးတွင် ကင်းစောင့်နေသည့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ချောင်းမြောင်းပစ်ခတ်ရာမှ နှစ်ဘက်အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုနေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ အထိ တစ်နာရီအကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း KNU တပ်ဖွဲ့ဝင်များက PDF များဘက်မှ ဝင်ရောက် ပစ်ကူပေးခဲ့ရာ ခလရ (၁၀၁) တပ်ရင်းမှူး အပါအဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ဘက်မလိုက်ပြောက်ကျားအဖွဲ့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောသည်။

PDF ပူးပေါင်းအဖွဲ့များဘက်တွင်မူ ထိခိုက်ကျဆုံးမှု မရှိခဲ့ဟုဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများတွင် စစ်ကောင်စီတပ်ဖွဲ့ ခလရ (၁၀၁) တပ်ရင်းမှူးတစ်ဦး ပါဝင်သည် ဟု ကန ဦး သိရှိရသော်လည်း အမည်နှင့် ရာထူးကို သတင်းနှင့် မီဒီယာကွန်ယက် သတင်းဌာနမှ သီးခြားအတည် မပြုနိုင် သေးသည့်အတွက်၊ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ လက်ရှိအချိန်အထိ သိန္ဓောကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ၃ ကြိမ်ထက် မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲများကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ရွာသားများ ဘေးလွတ်ရာ တောထဲရှောင်တိမ်းနေကြရပြီး ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်နေကာ စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်ချက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည် ဟု ဒေသခံများက ပြောသည်။

ယင်းတိုက်ပွဲကို ဘက်မလိုက် ပြောက်ကျားအဖွဲ့၊ တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု(AWDF)၊ နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့် အပြင် ကရင် အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များကလည်း ဝင်ရောက်ကူညီ တိုက်ခိုက်ခဲ့သည်ဟု SWDF အဖွဲ့ မှ သတင်း ထုတ်ပြန်ထားသည်။