ဘိုကလေးတွင် Mytel တာဝါ ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ဧရာဝတီတိုင်းအတွင်းက ဘိုကလေးမြို့နယ်ထဲက Mytel ဖုန်းတာဝါတိုင် မိုင်းဖောက်ခွဲဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင် ဧပြီလ ၂၈ ရက်နေ့၊ နံနက် ၁၂ နာရီ ခွဲ ကျော် အချိန်ခန့်က ဗုံးထောင်ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ Mytel ဖုန်းတာဝါတိုင်သည် ဧရာဝတီတိုင်းတွင် ဧပြီလအတွင်း ရှစ်တိုင်မြောက် ဖောက်ခွဲဖျက်ဆီး ခံလိုက် ရသည့် ဖုန်းတာဝါတိုင်ဖြစ်သည်ဟု ဧရာဝတီတိုင်း Mytel ဖုန်းဆက်သွယ်ရေး လုပ်ငန်းရုံးနှင့် နီးစပ်သူများ ထံမှ သိရသည်။
ထိုဖောက်ခွဲ တိုက်ခိုက်မှုကို လပွတ္တာ မြို့ ပြပြောက် ကျားတပ်ဖွဲ့ LSTF က ၎င်းတို့ တပ်ဖွဲ့ နှင့် ဘိုကလေး PDF အဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
LSTF တပ်ဖွဲ့ဝင် တစ်ဦးက “စစ်အာဏာရှင် ထောက်တိုင်တွေ ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းသွားမှာပါ။ သေ နတ်မရှိလည်း ဆော်မယ်။ ရှိရင်တော့ အတိုင်းထက်အလွန်ပေါ့” ဟု ပြောသည်။
မြင်းကကုန်းကျေးရွာအနီးရှိ Mytel ဖုန်းတာဝါတိုင်ကို အောင်မြင်စွာဖောက်ခွဲ ဖျက်ဆီးနိုင်ခဲ့ပြီး တပ်ဖွဲ့အတွက် လိုအပ်သည့် ဘတ္ထရီတစ်လုံးကိုလည်း ယူဆောင်နိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ယခုလအတွင်း မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကြံခင်းမြို့နယ်တို့တွင်လည်း Mytel ဖုန်းဝါတာတိုင် တစ်တိုင်စီ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရပြီး မြန်အောင်မြို့နယ် တစ်ခုတည်းတွင် မိုင်တဲတာဝါတိုင် လေးတိုင် ဖောက်ခွဲဖျက်ဆီးခံရသည် ဟု သိရသည်။
“စစ်ကောင်စီ ထောက်တိုင်တွေကို ဖြိုနေကြတာ အားရစရာပါ။ ဒါပေမယ့် သူတို့ (စစ်တပ်၊ရဲ) က မဆိုင်တဲ့သူ တွေကို ဖမ်းပြီး နှိပ်စက်တယ်။ ငွေညှစ်တာတော့ ဆိုးတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်းတွင် ဧပြီလအတွင်း Mytel ဖုန်းတဲဝါတာတိုင် သာမက ပုသိမ်၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြန်အောင်၊ ဖျာပုံ၊ ငသိုင်းချောင်း စသည့်မြို့နယ်တို့တွင် သင်္ကြန်မဏ္ဍပ်နှင့် အခြားဖောက်ခွဲမှုများ ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ပေါက်ကွဲမှုတိုင်းတွင် လူသေဆုံး ထိခိုက်မှုမရှိသလို ဖမ်းဆီးခံရသည့် PDF မရှိကြသော်လည်း စစ်ကောင်စီ၏ သံသယဖြင့် အကြောင်းမဲ့ ဖမ်းဆီးခဲ့သူ အားလုံးပေါင်း ၁၀၀ ကျော်ခန့်ရှိနိုင်သည်ဟု ဒေသခံများက ဆိုသည်။