ကြာအင်းဆိပ်ကြီးတွင် ရွာသား ၂၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာသား အယောက် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ် က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
ဧပြီလ ၂၉ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်က ခလယ်ရွာနှင့် ခလယ်ရွာလေးကြားတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
”ပစ်ခတ်မှုဖြစ်ကြတာက ခလယ် အထက ကျောင်းအနီးမှာ ဖြစ်ကြတယ်။ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်တပ်က ခလယ်ရွာထဲဝင်ပြီး တွေ့ရာ ရွာသားတွေကို ဖမ်းခေါ်သွားတယ်။ အဲ့ဒီကနေ ခလယ်ရွာလေးဘက်ကို ထွက်သွား တယ်။ ဘာဆက်ဖြစ်အုံးမလဲတော့ မသိတော့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခလယ်ကျေးရွာထဲဝင်ပြီး ရွာသား အယောက် ၂၀ ထက် မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယခုအကြိမ် ဖမ်းဆီးခံရမှုသည် ဧပြီလအတွင်း ဒုတိယအကြိမ်မြောက် ထိုနေရာအနီးတဝိုက်အတွင် ရွာသားများ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် မြို့ဟောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့က ခလယ်ရွာလေးအတွင်း တပ်စွဲထားသည့်အတွက် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေကြသည်ဟုလည်း ဒေသခံများက ဆိုသည်။
ဧပြီလ ၂၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ် စစ်ကြောင်းက ခလယ်-တံခွန်တိုင် ဒေသခံများကို ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် ခလယ်-တံခွန်တိုင်က ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့နေရာ ယူထား သည့် တံခွန်တိုင်ရဲစခန်းဝန်းအထိ စစ်လက်နက်များကို သယ်ခိုင်းခြင်း၊ ရိက္ခာများကို သယ်ပို့ခိုင်းခြင်းများ စေခိုင်း ခဲ့သည်ဟု ဒေသခံများက ကရင်သတင်းစဉ် KIC သတင်းဌာနကို ပြောဆိုထားသည်။
အလားတူ ဧပြီလ ၂၃ ရက်နေ့က တံခွန်တိုင် ရဲစခန်းအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ ရမ်း သမ်းပစ်ခတ်မှုကြောင့် တံခွန်တိုင်ကျေးရွာ ရွာသားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် ပစ်ခတ်မှုများ လည်း ဆက်လက် ဖြစ်ပွားနေသည့်အတွက် ခလယ်-တံခွန်တိုင်တဝိုက်က ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာကို ထွက် ပြေးတိမ်း ရှောင်နေကြရသည်။
ဓါတ်ပုံ – CJ