တောင်ကြီးတွင် အစစ်အဆေး တင်းကြပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် ညဘက် အစစ်အဆေးများ တင်းကြပ်နေပြီး လူငယ် ၃ ဦး ဖမ်းဆီးခံ လိုက်ရပုံရသည်ဟု မြို့ခံများက ပြောသည်။
မေလ ၁ ရက်နေ့ ည ၇ ခွဲအချိန်ကစတင်၍ တောင်ကြီးမြို့၏ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းနှစ်ဖက်အားပိတ်၍ စစ်ဆေးမှုများပြုလုပ်နေပြီး လူငယ်များအား အဓိ က တားမြစ်စစ်ဆေးနေခြင်း ဖြစ်သည်။
“အရင်တုန်းကတော့ မြို့ထဲဝင်တဲ့ ကား၊ ဆိုင်ကယ်တွေပဲ စစ်တာ။ အခုကတော့ ဘုံကျောင်းအောက်ဘက်မှာက မြို့ဝင်ကားတွေကို စစ်တယ်။ ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရဲ့ အောက် ဒေါ်ပုမုန့်ဟင်းခါးဆိုင်မှာက မြို့ထဲက ထွက်တဲ့ ကားတွေကို စစ်တယ်။ ကျမက အသက်လည်းကြီး တစ်ယောက်တည်းလည်း ဖြစ်နေတော့ သူ တို့က သွားခိုင်းလိုက်တာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီးကြီး ထိုသို့ မေးမြန်း စစ်ဆေးခံရပြီးနောက် ၎င်းထွက်သွားပြီသည်နှင့် တစ်ပြိုင်နက် ကားမီးထိုး လိုက်သည့် အချိန်တွင် တရုတ်ဘုံကျောင်း အောက်ဘက်တွင် လူငယ် (၃) ဦး အား ဒူးထောက် ခိုင်းထားသည်ဟု ဆက်ပြောသည်။
ထို့အပြင် တောင်ကြီးမြို့တွင် ထိုသို့ ညဘက် အစစ်အဆေး တင်းကျပ်လာသည့် အကြောင်းအရင်းမှာ ဧပြီလ ၃၀ ရက်နေ့ နံနက် (၁၀) နာရီခန့် အချိန်တွင် သုံးလမ်းဆုံ Heart Rock လက်ဘက်ရည်ဆိုင် အနီး၌ လူငယ် (၃) ဦး ဖမ်းဆီး ခံရပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ ပြန်လည်တင်းကြပ်လာရခြင်း ဖြစ်သည်ဟု ဒေသခံများက သုံး သပ်ကြသည်။
“မနေ့မနက်က သုံးလမ်းဆုံထဲကို လူငယ် (၃) ယောက် ပြေးဝင်လာတယ်။ သူတို့ကို လှမ်းမြင်လိုက်တာ အတော် ကြောက်နေကြတယ်။ လူခွဲပြီးပြေးရင်တော့ တစ်ယောက်ယောက် လွတ်သွားမှာပါ။ တစ်စုထဲ ပြေးတော့ နောက် က ကားနဲ့ လိုက်ဖမ်းတာနဲ့ တစ်ခါတည်းမိရော” ဟု ဧပြီလ ၃၀ ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိ ခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ လူငယ် (၃) ဦးအား ဖမ်းဆီးရခြင်းသည် မည်သည့် အကြောင်းရင်းကြောင့် ဖမ်းဆီးသည်ကို မသိရသော် လည်း မတ်လ (၃) ရက်နေ့၊ ညပိုင်းက ကျွဲကြီးနှင့် အပေါင်းအပါ (၆) ယောက်တို့အား ဖမ်းမိပြီးနောက်ပိုင်းမှ စ၍ ကွင်းဆက်လိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဒေသခံအချို့က သုံးသပ် ပြောဆိုနေကြသည်။
ကျွဲကြီးဆိုသူနှင့် အပေါင်းအပါများသည် ယင်းနေ့ညက စစ်ကောင်စီ သတင်းပေး ဒလန်အချို့၏ သတင်းပေးမှု ကြောင့် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှ BH Hotel တွင် ဖမ်းဆီးခံလိုက် ရခြင်း ဖြစ်သည်။
ယခုရက်ပိုင်း စစ်ဆေးမှုများ တင်းကြပ်ထားသည့် သုံးလမ်းဆုံသည် ယခင် ဆန္ဒပြသည့်ကာလ ကတည်းက စ၍ လူငယ်များ မကြာခဏ ဖမ်းဆီးခံနေရပြီး ကျွဲကြီး အဖမ်းခံရသည့် နောက်ပိုင်းမှစ၍ ဖမ်းဆီးခံရမှု သတင်းများမှာ မီဒီယာပေါ်သို့ ရောက်လာခြင်းမရှိပဲ လူမသိသူမသိ ပြီးသွားကြသည်ဟု ထိုလမ်းတွင် နေထိုင်သူများက ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ချယ်ရီကွင်း ဟော်တယ် အနီး၌ အကြမ်းဖက်ဖြိုခွင်း ခံရမှုကြောင့် အထွေထွေသပိတ်စစ်ကြောင်းမှ ကိုဝေယံမိုး ကျဆုံးပြီးသည့် နောက်ပိုင်းမှစတင်၍ သပိတ်စစ် ကြောင်းများ အပြီးတိုင် ပျောက်ကွယ် သွားခဲ့သော်လည်း မြို့ပေါ်တွင် လူငယ်မြေအောက်လှုပ်ရှားမှုအဖွဲ့များက စစ်ကောင်စီ စစ်ဆေးရေးဂိတ်များအား မကြာခဏ ဗုံးခွဲတိုက်ခိုက်ခြင်း၊ အသံဗုံးများဖြင့် သတိပေးခြင်းတို့ဖြင့်
စစ်ဆင်ရေးပြုလုပ်လျက်ရှိကြသည်။
ထိုသို့ လှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း လူငယ်များ အဖမ်းခံနေရသည်မှာ မေလ ၁ ရက်နေ့ ညအထိဆိုပါက အယောက် ၁၀၀ ထက် မနည်း ရှိသွားပြီဖြစ်သည်ဟု သိရသည်။