ရွာတွင် စစ်ကောင်စီ တပ် တပ်စွဲသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နှင့် မြိုင်နယ်ကြားက ကွမ်းစီကန်ကျေးရွာတွင် စစ်ကောင်စီတပ်သား များ တပ်စွဲထားသည့်အတွက် ရွာသူ ရွာသားများ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု သိရသည်။

ဧပြီလ ၂၃ ရက်နေ့က စတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

“ကျနော်တို့ဘက်မှာ တိုက်ပွဲတော့ မဖြစ်ဘူး။ ရွာမီးရှို့ခံရတာလည်း မရှိဘူး။ အင်အားအများကြီးနဲ့ တပ်စွဲတာ ဆို တော့ မနေရဲကြဘူး။ ထွက်ပြေးကြတာ။ ရွာထဲ အဘိုး ၃ ယောက်ပဲ ကျန်တယ်။ သူတို့ကိုလည်း အိမ်အပြင် မထွက် ဖို့ စစ်သားတွေက မှာထားတယ်” ဟု ကွမ်းစီးကန် ရွာသားတစ်ဦးက ပြောသည်။

ရွာသားများ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ နေအိမ် အချို့က အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားသည်များ ရှိနေသည်ဟု ရွာသားအချို့က ဆိုသည်။

ကွမ်းစီကန်ကျေးရွာကို စစ်ကောင်စီတပ် က တပ်စွဲထားသည့်အတွက် ရွာသားများက မြို့ပေါ်နှင့် အခြား နီးစပ်ရာ ဆွေမျိုးများရှိရာ နေရာများတွင် သွားရောက်တိမ်းရှောင်နေရသည်ဟု သိရသည်။

“လူ့အသက်လောက် အရေးကြီးတာမရှိဘူးလေ။ သူတို့လာပြီဆိုတော့ အရေးကြီးတာလေး သယ်ပြီး ပြေးရတာ။ တိရစ္ဆာန်တွေ ကျန်ခဲ့တော့ ဆိတ်တွေ နွားတွေ သူတို့သတ်စားချင်တဲ့ဟာ သတ်စားနေတာ” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ကျေးရွာထဲရှိ နေအိမ်များက အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားကြသည့်အပြင် ရွာတွင်ကျန်ရစ်ခဲ့သည့် ၎င်းတို့ မွေးမြူထားကြသည့် ကြက်၊ ဆိတ်၊ နွားများကို ဖမ်းယူ သတ်စားနေကြသည်ဟု ရွာ၏အခြေအနေအား သွားရောက်ကြည့်ခဲ့သည့် ရွာသားအချို့က ဆိုသည်။

အဆိုပါ ကွမ်းစီကန်ကျေးရွာတွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်က စခန်းချနေထိုင်နေကြခြင်း ဖြစ် သည်။

ကွမ်းစီကန်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး လက်ရှိတွင် ရွာသူရွာသားအားလုံးက စိုးရိမ်ကြောက်လန့်ပြီး ကျေးရွာမှ စွန့်ခွာ၍ ဘေးလွတ်ရာနေရာတွင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။