သွေးသောက်အဖွဲ့အား သင်တန်းပေးနေသူ ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၃ ရက်။
သွေးသောက်အဖွဲ့ကို ဖွဲ့စည်းကာ သင်တန်းပေးနေသည့် ဒေါပုံမြို့နယ်အတွင်းက ရာအိမ်မှူး ဦးအောင်ဖြိုး ပစ်သတ် ခံလိုက်ရသည် ဟု သိရသည်။
ပရဟိတလုပ်ငန်း အမည်ခံကာ သွေးသောက်အဖွဲ့ကို ဖွဲ့စည်း၍ သင်တန်းပေးခြင်း ကိစ္စရပ်များ လုပ်ဆောင်နေ သည့် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်ဖြိုးဆိုသူကို Soul Takers – Yangon Underground Force အဖွဲ့က မေလ ၂ ရက်၊ နံနက်ပိုင်းတွင် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။
“ရပ်ကွက်ထဲမှာတော့ သူက ဒလန်အကြီးစားပဲ။ သူ့ ကြောင့် အဖမ်းခံရသူတွေ ရှောင်နေရသူတွေ ရပ်ကွက်ထဲမှာရှိတယ်။ နောက်ပြီး သူ့လိုဒလန်တွေလည်း ဒီရပ်ကွက် မှာ အများကြီး ကျန်သေးတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဒေါပုံမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်း တောင်ပိုင်းတွင် နေထိုင်သည့် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်ဖြိုးသည် ၎င်း ၏ နေအိမ်အတွင်းရှိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ရာအိမ်မှူး ဦးအောင်ဖြိုး သတင်းပေးမှုကြောင့် ရပ်ကွက်အတွင်းမှ ထွက်ပြေးတိမ်းရှောင် နေရသူများ လည်း ရှိနေသည်ဟု ဗိုလ်ထွန်းဇံရပ်ကွက် အတွင်း နေထိုင်သည့် အသက် ၂၀ ကျော် အရွယ်အမျိုးသား တစ်ဦး က ပြောသည်။
စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်ဖြိုးသည် သာကေတမြို့နယ် အတွင်းရှိ တော်လှန်ရေး အင်အားစုများ၏ အ ချက်အလက်များကို စစ်ကောင်စီထံပေးပို့ခြင်း၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် ပြည်သူများကို အကြောင်းမဲ့ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသည်ကို တိုင်ကြားမှုများရှိသဖြင့် လေ့လာစစ်ဆေးခဲ့ပြီးနောက် အကြောင်းအရင်း ခိုင်လုံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည် ဟု Soul Takers – Yangon Underground Force က ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းဖော်ပြထားသည်။
မေလ ၁ ရက်နေ့ကလည်း သန်လျင်မြို့နယ်၊ ဖို့မြေရပ်ကွက်အတွင်းရှိ ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တွင် ဆံပင်ညှပ်နေ သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်းလည်းဖြစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးရန်နိုင်ရွှေ ဆိုသူလည်း သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ပြီး သေဆုံးသွားခဲ့စည်။
ဦးရန်နိုင်ရွှေ ဆိုသူသည် သွေးသောက်အဖွဲ့ခေါင်းဆောင်ဟုလည်း နာမည်ထွက်နေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သွေးသောက်အဖွဲ့ဆိုသည်မှာ ဧပြီလကုန်ပိုင်းမှ စတင်ကာ မန္တလေးမြို့က စတင်ပေါ်ပေါက်လာသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထောက်ခံသူများနှင့် တော်လှန်ရေးအင်အားစုများ၏ ဆွေမျိုး မိသားစုဝင်များကို ပစ်မှတ်ထား တိုက်ခိုက်က သတ်ဖြတ်ရန် စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် အဖွဲ့တစ်ခု ဖြစ်သည်ဟု ဒေသခံများနှင့် လက်ရှိနိုင်ငံရေးကို လေ့လာစောင့်ကြည့်နေသူ အချို့ က ဆိုသည်။